DVB Logo
Home
မြန်မာသတင်း
ကျေးလက်နေ မသန်စွမ်းသူများ ရုပ်ပိုင်း၊ နည်းပညာပိုင်း လက်လှမ်းမီရန် အတားအဆီးကြုံနေရဟု ဒုသမ္မတပြော
DVB
·
December 4, 2019
ကျေးလက်နေ မသန်စွမ်းသူများ ရုပ်ပိုင်း၊ နည်းပညာပိုင်း လက်လှမ်းမီရန် အတားအဆီးကြုံနေရဟု ဒုသမ္မတပြော
Donate to DVB

ကျေးလက်ဒေသမှာနေထိုင်တဲ့ မသန်စွမ်းသူတွေ၊ လူနည်းစုတိုင်းရင်းသား မသန်စွမ်းသူတွေ ဟာ ရုပ်ပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာပတ်ဝန်းကျင်ကို လက်လှမ်းမီဖို့ အတားအဆီးတွေ ပိုကြုံနေရတယ်လို့ ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။

မနေ့က နေပြည်တော်မှာလုပ်တဲ့ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ပြောတာဖြစ်ပြီး မသန်စွမ်းသူတွေဟာ အခွင့်အရေးတွေကို အများနည်းတူရနိုင်ဖို့ အတွက် ဟန့်တားနေတဲ့ အတားအဆီးတွေကို ဖယ်ရှားပြီး အနာဂတ်မှာ အားလုံးပါဝင်တဲ့ လူ့အဖွဲ့အစည်းတရပ်ဖြစ်ပေါ်လာရေး အတူတကွ လက်တွဲဆောင်ရွက်ဖို့လိုတယ် လို့ပြောပါတယ်။

အနာဂတ်ကာလမှာ မသန်စွမ်းသူများအနေနဲ့ အများပြည်သူဆိုင်ရာနေရာတွေကို အဟန့်အတားမရှိ လွယ်လွယ်ကူကူ သွားလာရောက်ရှိနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းအပြင် ခွဲခြားဆက်ဆံမခံရဘဲ အလုပ်အကိုင်ရနိုင်ရေး၊ ပညာသင်ကြား ခွင့်ရနိုင်ရေး စတာတွေကို လက်လှမ်းမီနိုင်ဖို့ အကောင်အထည်ဖော်သွားရမယ်လို့လည်း ပြောပါတယ်။

မသန်စွမ်းသူတွေဟာ တခြားသူတွေနဲ့ ယှဉ်မယ်ဆိုရင် လူမှုရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးတို့မှာ အဆိုးဝါးဆုံးပုံစံတွေကို ရင်ဆိုင်ကြုံတွေ့နေရပြီး အဲဒီ အဆိုးဝါးဆုံးပုံစံတွေအပေါ် ကျား၊ မ ဖြစ်တာနဲ့ လူနည်းစုတိုင်းရင်းသားဖြစ်တာ စတာတွေ ထပ်ပေါင်းထည့်လိုက်ရင် မသန်စွမ်းသူတွေဟာ ပိုပြီး ဆိုးရွားတဲ့ အခြေအနေတွေကြုံနေရတာကို လေ့လာတွေ့ရှိရတယ်လို့လည်း ဒု သမ္မတက ပြောပါတယ်။

ဒီလိုမျိုး မသန်စွမ်းသူတွေ ကြုံတွေ့နေရတဲ့ မညီမျှတာတွေကို လျှော့ချနိုင်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာနဲ့ နည်းပညာပိုင်းဆိုင်ရာပတ်ဝန်းကျင် လက်လှမ်းမီရရှိနိုင်ဖို့ အလွန်အရေးကြီးပြီး  တခြားသူတွေနည်းတူ သွားလာနိုင်ရေးနဲ့ ပါဝင်နိုင်ရေးတို့အတွက် မသန်စွမ်းတယောက်ချင်းစီရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းကိရိယာ၊ အစီအစဉ်တို့ကို ပံ့ပိုးပေးဖို့လိုတယ်လို့ ဆိုပါတယ်။

မသန်စွမ်းသူတွေ လူ့အသိုက်အဝန်းထဲမှာ အပြည့်အဝ ပါဝင်ဆောင်ရွက်ခွင့် သေချာစေရေးအတွက် မသန်စွမ်းသူတွေရဲ့ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်မှာ အတည်ပြု လက်မှတ်ထိုးခဲ့ပြီး ကွန်ဗင်းရှင်းနဲ့အညီ မသန်စွမ်းသူတွေကို အခွင့်အရေးဥပဒေ ကို ၂၀၁၅ ခုနှစ်မှာ၊ နည်းဥပဒေကို ၂၀၁၇ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့သလို အမျိုးသားအဆင့်ကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ တိုင်းနဲ့ ပြည်နယ်အဆင့်ကော်မတီတွေကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ ဒု သမ္မတက ပြောပါတယ်။

အမျိုးသားကော်မတီအစည်းအဝေးကို ၂၀၁၇ ကနေ ၂၀၁၉ ခုနှစ်အထိ ၄ ကြိမ် လုပ်နိုင်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရေးရာ၊ သုတေသန၊ စောင့်ကြည့်အကဲဖြတ်၊ မသန်စွမ်းအမျိုးသမီးနဲ့ ကလေးသူငယ်များရေးရာ၊ နည်းပညာနဲ့လက်လှမ်းမီရရှိနိုင်ရေး၊ သဘာဝဘေးနဲ့ တခြားအရေးပေါ် အခြေအနေ၊ တရားမျှတမှု ရရှိပိုင်ခွင့် ဆိုတဲ့ ဆပ်ကော်မတီ ၉ ခုကို ဖွဲ့စည်းသွားမယ်လို့လည်း ပြောပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်းသူများဆိုင်ရာ ကွန်ဗင်းရှင်းတွေကို မျက်မမြင်စာနဲ့ ပုံနှိပ်ထုတ်ဝေခဲ့ပြီး မျက်မမြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကိုလည်း ဆက်စပ်ဝန်ကြီးဌာနတွေ၊ Japan Heart အဖွဲ့တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

အကြားအာရုံ ချို့ယွင်းမသန်စွမ်းသူတွေအတွက်လည်း နားမကြားသူများ သတင်းအချက်အလက်များ လက်လှမ်းမီရရှိနိုင်ခွင့်သေချာစေရေး စီမံကိန်းကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး လက်သင်္ကေတပြ ဘာသာစကား ကူညီပံ့ပိုးသူတွေ သင်တန်းကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးနေတယ်လို့ ဆိုပါတယ်။

ပြီးတော့ နည်းဥပဒေတွေကို မိတ်ဆက်ဖြန့်ချိတာ၊ ကိုယ်အင်္ဂါချို့ယွင်းမသန်စွမ်းသူတွေအတွက် မှိုစိုက်ပျိုးရေး အသိပညာပေးသင်တန်း ဖွင့်လှစ်ပေးတာ၊ မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရ အသုံးအနှုန်းများ လက်စွဲလမ်းညွှန်စာအုပ် ပြုစုထုတ်ဝေတာ၊ မသန်စွမ်းသူတွေကို အလုပ်ခန့်ထားခြင်း ဆိုင်ရာ မြန်မာနိုင်ငံက အလုပ်ရှင်တွေအတွက် လက်စွဲစာအုပ်ကို ဖြန့်ချိတာကိုလည်း လုပ်နိုင်ခဲ့ပါတယ်။

မသန်စွမ်းသူတွေ မှတ်ပုံတင်တဲ့လုပ်ငန်းစဉ် ပေါ်ထွက်လာစေရေးအတွက်လည်း မသန်စွမ်းမှု အဆင့်ကို သတ်မှတ်ဖော်ထုတ်မယ့် အသက်အရွယ်အလိုက်မေးခွန်းလွှာတွေကို ပြုစုထားပြီးဖြစ်တယ် လို့ ဆိုပါတယ်။

မသန်စွမ်းသူတွေ အလွယ်တကူ သွားလာနိုင်ရေးအတွက် ရန်ကုန်မြို့မှာ “Future We Want” စမ်းသပ်စီမံကိန်းနဲ့ အများပြည်သူသုံးမော်တော်ယာဉ်တွေ၊ လူသွားလမ်းတွေမှာ မသန်စွမ်းသူတွေ အသုံးပြုနိုင်ရေး အဆင့်မြှင့်တင်ဖို့ အစိုးရနဲ့ ကျွမ်းကျင်သူတွေ ပူးပေါင်းဆောင်ရွက်နေပြီး နေပြည်တော်မှာ မြို့မဈေးနဲ့ ရေပန်းဥယျာဉ်တို့မှာ စမ်းသပ်စီမံကိန်း  ၂ ခုကိုလုပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ၁၉၉၄ ခုနှစ်က စတင်ကျင်းပလာတာဖြစ်လို့ အခုဆိုရင် ၂၆ ကြိမ် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013