DVB Logo
Home
Lead Story
အမျိုးသားစာကြည့်တိုက်နေရာ အတည်တကျဖြစ်ဖို့ လိုပြီ - (အယ်ဒီတာအာဘော်)
DVB
·
December 4, 2019
အမျိုးသားစာကြည့်တိုက်နေရာ အတည်တကျဖြစ်ဖို့ လိုပြီ - (အယ်ဒီတာအာဘော်)
Donate to DVB

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်ရှိ အမျိုးသားစာကြည့်တိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို  သွားရောက်လေ့လာ ကြည့်ရှုခဲ့သည်။

အမျိုးသားစာကြည့်တိုက်ဟု ဆိုသည်နှင့် သုတေသီများ၊ ပညာရှင်များ၊ စာပေသမားများနှင့် ကျောင်းသား ကျောင်းသူတို့ သတိပြုစောင့်စားခဲ့ကြသည်။ မျှော်လင့်ခဲ့ကြသည်။ နှစ်များစွာ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့်အတွက်လည်း မျှော်လင့်ချက်ကြီးခဲ့ဟန်တူသည်။

အမျိုးသားစာကြည့်တိုက်၏ အစကိုကြည့်လျှင် ၁၈၈၃ ခုနှစ် အောက်မြန်မာနိုင်ငံဝန်ရှင်တော်မင်းကြီး “ဆာချား ဘားနတ်”၏ အခမဲ့စာကြည့်တိုက်မှ အစပြုခဲ့ခြင်း ဖြစ်သည်။ 

ထိုစဉ်က ဘားနတ်စာကြည့်တိုက်ကို “ပြည်သူ့ပိဋကတိုက်”ဟု ခေါ်ခဲ့ကြသည်။ ဗိုလ်ချုပ်လမ်းပေါ်က ဆေးရုံကြီးရှေ့တွင် ပထမဆုံး ပြည်သူ့ပိဋကတိုက် ရှိခဲ့သည်။ ထိုပိဋကတိုက်အား အစဦးတွင် ပညာရေးဆင်ဒီကိတ်က အုပ်ချုပ်ခဲ့သည်။ ၁၉၂၃ ခုနှစ်တွင် ပိဋကတိုက်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်ပြီး ထိုအဖွဲ့ မှ အုပ်ချုပ်ခဲ့သည်။

လွတ်လပ်ရပြီးနောက် ဘားနတ်အခမဲ့စာကြည့်တိုက်ကို ပြည်ထောင်စုယဉ်ကျေးမှုဌာနက လွှဲပြောင်းရယူခဲ့ပြီး “နိုင်ငံတော်စာကြည့်တိုက်”ဟု အမည်ပြောင်းခဲ့သည်။ အဆိုပါစာကြည့်တိုက်ကို “ဂျူဗလီဟော”တွင် အမျိုးသားပြတိုက်၊ အနုပညာခန်းဆောင်နှင့် တွဲဖက်၍ ဖွင့်လှစ်ခဲ့သည်။ ဂျူဗလီဟောသည် ရွှေတိဂုံဘုရားလမ်းတွင် ရှိသဖြင့် သွားလာရေး အခက်အခဲမရှိသောကြောင့် စာကြည့်တိုက်တွင် စာဖတ်သူများနှင့် အမြဲစည်ကားနေသည်ဟု ဆိုပါသည်။

၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ယဉ်ကျေးမှုဗိမာန်ညွှန်ကြားရေးဝန်၏ စီမံမှုအောက်သို့ထားရှိပြီး ဂျူဗလီဟောမှ ပန်းဆိုးတန်း စာပေဗိမာန်သို့ ပြောင်းရွှေ့ခဲ့ပါသည်။ ၁၉၆၄ ခုနှစ် အသင်းအဖွဲ့အားလုံး ဖျက်သိမ်းပြီး စာကြည့်တိုက်တို့၏ ရပ်တည်ခွင့်သည် အာဏာသိမ်းအစိုးရအပေါ်တွင်  တည်မှီလာခဲ့သည်။ စာကြည့်တိုက်၏ လွတ်လပ်စွာ ရပ်တည်ခွင့်များ ပျောက်ကွယ်သွားခဲ့သည်။ စာအုပ်စာရင်းများ အစိုးရထံ တင်ပြ၍ အစိုးရ ခွင့်ပြုသော စာအုပ်များသာ ထားရှိခွင့်နှင့် ငှားရမ်းခွင့်ရှိတော့သည်။

၁၉၆၅ ခုနှစ်တွင် ပန်းဆိုးတန်းရှိ စာပေဗိမာန်မှ မြို့တော်ခန်းမ တတိယထပ်သို့ ထပ်မံပြောင်းရွှေ့ရပြန်ပါသည်။ ထိုမှတဆင့် ၁၉၈၄ ခုနှစ်တွင် ကမ်းနားလမ်းရှိ ၆ ထပ်ကြီးရုံးသို့ ပြောင်းရွှေ့ရပြန်ပါသည်။ တဖန် ၆ ထပ်ကြီးမှတဆင့် ၂၀၀၂ ခုနှစ်တွင် လေးထောင့်ကန်လမ်းနှင့် အရှေ့မြင်းပြိုင်ကွင်းလမ်းသို့ နောက်တကြိမ် ပြောင်းရွှေ့ခြင်း ခံရပြန်ပါသည်။ မြင်းပြိုင်ကွင်းလမ်းတွင် ရှိသော “အမျိုးသားစာကြည့်တိုက်”သို့လည်း ပညာရှင်များ၊ သုတေသီများ သွားရောက်ခဲ့ကြသေးသည်။ သို့သော် ယခင်ကလောက် လူဝင်လူထွက် မများတော့။ ဤနေရာသည် အမျိုးသားစာကြည့်တိုက်အတွက် သင့်လျော်သည့်နေရာအဖြစ် တည်မြဲလိမ့်မည်ဟု သုံးစွဲသူအတော်များများ ထင်မြင်ယူဆခဲ့ကြသည်။

သို့ရာတွင် ၂၀၀၈ ခုနှစ် နာဂစ်အပြီး နာဂစ်အကြောင်းပြချက်ဖြင့် အမျိုးသားစာကြည့်တိုက်သည် အိမ်ငှားဖြင့် နေရသူတဦးကဲ့သို့ ထပ်မံပြောင်းရွှေ့ရန် အကြောင်းဖန်လာပြန်သည်။ အမှတ် (၈၅-က) သီရိမင်္ဂလာရိပ်သာလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်းသို့ ရွှေ့ပြောင်းစာကြည့်တိုက်အဖြစ် ‌ရောက်ရှိသွားခဲ့ရပြန်ပါသည်။ မြင်းပြိုင်ကွင်းရှေ့မှ အမျိုးသားစာကြည့်တိုက်အဟောင်း နေရာကိုမူ ဦးပိုင်က သိမ်းယူလိုက်ပြီး တနှစ်ဒေါ်လာ သုံးသန်းဖြင့် လက်လွှဲငှားရမ်းလိုက်သည်ဟု သတင်းများတွင် ဖော်ပြလာကြသည်။

မကြာမီ အမျိုးသားစာကြည့်တိုက်အား ပန်းဘဲတန်းမြို့နယ် အမှတ်(၆၀၄-၆၀၈) ယခင်က ဘီအိုစီရုံးဟောင်း နေရာတွင် ၂၀၂၀ ဧပြီလ၌ ပြောင်းရွှေ့ဖွင့်လှစ်တော့မည်ဟု ဆိုပါသည်။ စာကြည့်တိုက်တွင် စာအုပ်စာပေပေါင်း ‌ခြောက်သိန်းကျော်ရှိသည်ဟု ဖော်ပြထားပါတယ်။ အချို့သော စာအုပ်နှင့်မှတ်တမ်းများကိုမူ ၂၀၁၂ ခုနှစ်က နေပြည်တော်အမျိုးသားစာကြည့်တိုက်သို့ သယ်ယူပြောင်းရွှေ့ခဲ့သည်ဟု ဆိုပါသည်။

မည်သို့ပင်ဆိုစေကာမူ အမျိုးသားစာကြည့်တိုက်၏ နေရာအပြောင်းအလဲများကြောင်း တန်ဖိုးရှိသော ပေပုရပိုက်များ၊ မှတ်တမ်းများ ဆုံးရှုံးပျက်စီးမည့်အရေးသည် တန်ဖိုးထား မြတ်နိုးတတ်သူတိုင်း၏ သောကတခု ဖြစ်ခဲ့ရသည်။ 

ထပ်မံပြောင်းရွှေ့ရဦးမည်ဆိုလျှင် မည်မျှ ပျက်စီးပျောက်ကွယ် ဆုံးရှုံးရမည်ကိုပင် ခန့်မှန်းတွက်ဆကြည့်ရန်ပင် မလွယ်။ ထို့ကြောင်း ယခုပြောင်း‌ရွှေ့မည့် ဘီအိုစီ အဆောက်အုံမှ ထပ်မံရွှေ့ပြောင်းရခြင်းမရှိဘဲ ဤနေရာတွင် အတည်တကျဖြစ်နိုင်ပါစေဟု ဆုတောင်းတင်ပြလိုက်ရပေသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013