DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသူများ ညှဉ်းပန်းနှိပ်စက်ခံရပြီး နိုင်ထက်စီးနင်း ပြုကျင့်ခံရ
DVB
·
September 23, 2026
Photo: HRW
Photo: HRW
Donate to DVB

မြန်မာနိုင်ငံရှိ စစ်အာဏာရှင်ရဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသူတွေဟာ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ၊ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဆေးဝါးကုသခွင့် ငြင်းပယ်ခံရတာတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀,၀၀၀ ကျော်ထဲမှာ အမျိုးသမီး ၆,၆၀၀ လောက်နဲ့ ကလေးငယ် ၆၄၀ လောက် ပါဝင်တာ ဖြစ်ပါတယ်။

အဆိုပါ နိုင်ငံရေးအကျဉ်းသူတွေဟာ ရိုက်နှက်ခံရ၊ မုဒိမ်းကျင့်ခံရ၊ ညစ်ပတ်စက်ဆုပ်ဖွယ် အခြေအနေတွေမှာ ထားရှိခံရတာ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို မီးဖွားစဉ် ဒါမှမဟုတ် မီးမဖွားမီ လိုအပ်တဲ့ ဆေးဝါးကုသခွင့်တွေကို စိုးရိမ်ဖွယ်ရာနဲ့ အသက်အန္တရာယ်ရှိတဲ့အထိ ငြင်းပယ်ခံနေရတယ်လို့ အကျဉ်းသားဟောင်းတွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။

စစ်အာဏာရှင်အနေနဲ့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသူအားလုံးနဲ့ သူတို့ရဲ့ ကလေးငယ်တွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။

HRW ရဲ့ အာရှရေးရာ ဒုညွှန်ကြားရေးမှူး ဘရိုင်အိုနီလောက “မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသူတွေအဖြစ် ထိန်းသိမ်းခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ ပြောပြချက်တွေဟာ ဒုက္ခပေးတာနဲ့ လျစ်လျူရှုတာတွေကို တမင်တကာ သာမန်လုပ်ရိုးလုပ်စဉ်လို ကျင့်သုံးနေတဲ့ အကျဉ်းထောင်စနစ်ရဲ့ အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းတဲ့ ပုံရိပ်ကို ဖော်ပြနေပါတယ်” လို့ ပြောပါတယ်။

ဒီအမျိုးသမီးတွေဟာ မတရားဖမ်းဆီးခံရတာကနေ ထိန်းသိမ်းခံထားရစဉ် ညှဉ်းပန်းနှိပ်စက်ခံရတာ၊ လွတ်မြောက်လာပြီး နောက်ပိုင်းမှာလည်း မဆုံးနိုင်တဲ့ ကြောက်ရွံ့မှုနဲ့ စိတ်ဒဏ်ရာတွေကို ရရှိတာတွေအထိ မတရားမှု အလွှာပေါင်းများစွာကို ရင်ဆိုင်နေကြရပါတယ်လို့လည်း ပြောပါတယ်။

၂၀၂၅ နဲ့ ၂၀၂၆ ခုနှစ်အတွင်း HRW အနေနဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း ၁၇ ယောက်၊ မိသားစုဝင် ၃ ယောက်၊ ရှေ့နေ/အကျဉ်းသားရေး ဆောင်ရွက်သူ ၄ ယောက်တို့ကို တွေ့ဆုံမေးမြန်းပြီးနောက် HRW က ထုတ်ပြန်လိုက်တာပါ။

ဖမ်းဆီးခံရစဉ်က တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေဖြစ်တဲ့ အဆိုပါ အကျဉ်းသူဟောင်းတွေဟာ ၂၀၂၁ အာဏာသိမ်းချိန်ကစလို့  စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင် ၁၁ ခုမှာ ထိန်းသိမ်းခံခဲ့ရသူတွေလို့လည်း သိရပါတယ်။

အမျိုးသမီးတွေဟာ စစ်ကြောရေးကာလအတွင်း ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ညှဉ်းပန်းနှိပ်စက် နိုင်ထက်စီးနင်း ပြုကျင့်ခံခဲ့ရပြီး ထောင်အာဏာပိုင်တွေက သူတို့ကို တုတ်တွေ၊ သံကြိုးတွေ၊ သံပိုက်လုံးတွေ၊ လေးခွတွေနဲ့ ရိုက်နှက်ခဲ့ကြပြီး လျှပ်စစ်ရှော့ခ်ရိုက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ ဆေးလိပ်နဲ့ မီးထိုးတို့တာ၊ ခန္ဓာကိုယ်ကို အချိန်ကြာမြင့်စွာ တင်းကျပ်တဲ့ပုံစံနဲ့ ထားရှိတာ၊ သီတင်းပတ်ပေါင်း၊ လပေါင်းများစွာ တိုက်ပိတ်ထားတာတွေ ပြုလုပ်ခဲ့ပါတယ်။

အမျိုးသမီး အများစုဟာ လိင်ပိုင်းဆိုင်ရာ အရှက်ခွဲခံရ၊ စော်ကားခံရတာတွေကို ရင်ဆိုင်ခဲ့ရပြီး လုံခြုံရေးအရ စစ်ဆေးတဲ့ ရည်ရွယ်ချက်ထက် အရှက်ခွဲဖို့ ရည်ရွယ်ချက်နဲ့ ခန္ဓာကိုယ်အတွင်းအထိ နှိုက်ယူစစ်ဆေးတဲ့ မလိုလားအပ်တဲ့ ရှာဖွေစစ်ဆေးမှုတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်မှာ ဖမ်းဆီးခံရစဉ် ကိုယ်ဝန်ရှိနေတဲ့ အသက် ၂၆ နှစ်အရွယ် တက်ကြွလှုပ်ရှားသူ အမျိုးသမီးတယောက်ဟာ တလကျော်ကြာ စစ်ကြောရေးဝင်ခဲ့ရပြီး သူ့ခင်ပွန်းက “သူတို့က ကိုယ်ဝန်နဲ့ပတ်သက်ပြီး ခြိမ်းခြောက်ခဲ့ကြတယ်။ ကျနော့်အကြောင်းနဲ့ သူ့ရဲ့ အတိုက်အခံ လုပ်ဖော်ကိုင်ဖက်တွေအကြောင်း ပြောပြဖို့ ပြောခဲ့တယ်။ 'သတင်းအချက်အလက်တွေ မပြောရင် နင့်ဗိုက်ကို ထိုးမယ်' လို့ ခြိမ်းခြောက်ခဲ့ကြတယ်” လို့ ပြောပြပါတယ်။

“ထောင်ထဲမှာ ကျနော်တို့ရဲ့အသက်ဟာ A4 စာရွက်တရွက်စာပဲ တန်ကြေးရှိတယ်” လို့ အကျဉ်းသားဟောင်းတယောက်က ထိန်းသိမ်းခံထားရစဉ် သေဆုံးသွားကြောင်း အကြောင်းကြားတဲ့အခါ မိသားစုက လက်မှတ်ရေးထိုးရတဲ့ အသိပေးစာကို ရည်ညွှန်း ပြောပါတယ်။

ပြင်းထန်တဲ့ နာတာရှည်နဲ့ ရုတ်တရက်ဖြစ်ပွားတဲ့ ရောဂါတွေအတွက် လိုအပ်တဲ့ ဆေးဝါးကုသခွင့်ကို စနစ်တကျ ပိတ်ပင်ထားကြောင်း အကျဉ်းသားဟောင်းတွေက ပြောဆိုခဲ့ပြီး ကုသမှုမှာ လပေါင်းများစွာ စောင့်ဆိုင်းရတာ၊ ထောင်ဝါဒါတွေကို လာဘ်ထိုးရတာနဲ့ ဆေးဝါးနဲ့ စောင့်ရှောက်မှုအတွက် အပြင်ကနေ ငွေပေးချေရတာတို့ လိုအပ်တယ်လို့ သိရပါတယ်။

ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရတဲ့ အမျိုးသမီးတယောက်က “ရောဂါဖြစ်လာရင် ဆေးဝါးမရှိတဲ့အတွက် သည်းခံနေရုံပဲ ရှိတယ်” လို့ ပြောပါတယ်။

ကိုယ်ဝန်ဆောင်တယောက်ကတော့ စစ်ကြောရေးသမားတွေက သူ့ကို လျှပ်စစ်ရှော့ခ်ရိုက်တာ၊ ရိုက်နှက်တာတွေ လုပ်ခဲ့လို့  နာတာရှည် နာကျင်မှု ဝေဒနာကို ခံစားနေရကြောင်း ပြောပြခဲ့ပြီး သူ့ကို တခြား ကိုယ်ဝန်ဆောင် အကျဉ်းသူ ၉ ယောက်နဲ့အတူ ပစ္စည်းသိုလှောင်ရုံမှာ ထိန်းသိမ်းထားခဲ့ပြီး အသုံးပြုပြီးသား ဆေးရုံသုံး နှာခေါင်းစည်းတွေနဲ့ ဝတ်စုံတွေကြားရှိ ကွန်ကရစ်ကြမ်းပြင်ပေါ် အိပ်စက်ခဲ့ရတယ်လို့ ပြောပါတယ်။

အရေးပေါ်စောင့်ရှောက်မှု မရှိလို့ တချို့အမျိုးသမီးတွေဟာ ထောင်ခန်းတွေထဲမှာပဲ မီးဖွားခဲ့ရပြီး  ကလေးအသေမွေးတာ၊ မိခင်နဲ့ မွေးကင်းစကလေးတွေ သေဆုံးတာတွ ဖြစ်ပွားခဲ့ကြောင်းလည်း အကျဉ်းသားဟောင်းတွေက ပြောပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့  ထိန်းသိမ်းခံထားရစဉ် သေဆုံးခဲ့သူ အမျိုးသားနဲ့ အမျိုးသမီး ၂,၃၀၀ ကျော်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံ ထောင်တွင်းအခြေအနေ စောင့်ကြည့်ရေးအဖွဲ့ (Myanmar Prison Witness) ရဲ့ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်အထိ နိုင်ငံရေးအကျဉ်းသား အယောက် ၂၉၀ သေဆုံးခဲ့ပြီး ဒီအထဲက နိုင်ငံရေးအကျဉ်းသူနဲ့ သူတို့ရဲ့ ကလေးငယ် ၄၃ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013