Home
မြန်မာသတင်း
ပင်လယ်ကျားဖောင်လုပ်ငန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုရှိမရှိ ကွင်းဆင်းစစ်ဆေး 
စိုးမိုးအောင်
·
December 3, 2019
78265066_2387911444758864_8283307676918611968_o
78637488_2387911968092145_6308353174436577280_o
78419000_2387912071425468_3180302340703911936_o
78222144_2387911001425575_5563436013713358848_o
78908834_2387910741425601_539537751683366912_o
ပင်လယ်ကျားဖောင်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုကျယ်ပြန့်လာတာကြောင့် မြေပြင်ကွင်းဆင်းစစ်ဆေးတာလို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးဘုန်းကြွယ်က ပြောပါတယ်။ ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်း လူကုန်ကူးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်၊ ဒေါက်တာ မြင့်ကြည်နဲ့အတွင်းရေးမှူး ဦးဘုန်းကြွယ်တို့က ဒီကနေ့ ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာက လုပ်ငန်းရှင်တွေ ဖောင်ဦးစီးတွေ၊ ရေလုပ်သားတွေနဲ့ တွေ့ဆုံပြီး ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ "အခြေခံတာကတော့ ကိုမြတ်သူရထွန်းအမှုနဲ့ပတ်သက်ပြီး အခြေခံပြီးတော့ ကိုယ်တို့စပြီး ဒီစစ်ဆေးမှုကို ဆောင်ရွက်တာဖြစ်ပါတယ်။ သို့သော်လည်း ဒီအမှုတစ်ခုထဲတင် မကဘူး။ ဒီကိစ္စ တွေဟာ ကိုယ်စောစောက ပြောသလို ကိုယ်တို့ ကော်မရှင်ဥပဒေမှာ ပါတဲ့အတိုင်းပဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ နည်းနည်းကျယ်ပြန့်လာတယ်။ သူ့လိုအမှုတွေ များလာတယ်။ ထို့အတူပဲ ဒါတွေက လူ့အခွင့်အရေးချိုးဖောက်တဲ့ စနစ်တရပ်အဖြစ် ဦးတည်လာတာဖြစ်နေတဲ့အတွက် ကော်မရှင် အဖွဲ့ဝင်များနဲ့အတူ ကွင်းဆင်းစစ်ဆေးဖို့ လာခြင်းဖြစ်ပါတယ်"လို့ ဦးဘုန်းကြွယ်က ပြောပါတယ်။ လူ့အခွင့်အရေးကော်မရှင် ဥပဒေ ပုဒ်မ၂၈မှာ လူ့အခွင့်အရေးချိုးဖောက်မှုကျယ်ပြန့်လာတာ၊ ဒါမှမဟုတ် စနစ်တစ်ခုအဖြစ် ကူးပြောင်းလာရင် ကော်မရှင်က စုံစမ်းစစ်ဆေးဖို့ ပြဋ္ဌာန်းထား ပါတယ်။ ပင်လယ်ပြင် ကျားဖောင်တွေမှာ အခုလိုပြဿနာတွေကြုံတွေ့နေရတာဟာ လုပ်ငန်းရှင်တွေမှာရော ရေလုပ်သားတွေမှာပါ အမှားမကင်းကြဘူးလို့ လုပ်ငန်းရှင်တွေက ကော်မရှင်အဖွဲ့ကို ပြောပါတယ်။  ရေလုပ်သားတွေ လိမ်လည်မှုများတဲ့အပေါ် လုပ်ငန်းရှင်တွေဘက်က စည်းကမ်းတင်းရာ ကနေ အခုလိုပြဿနာတွေ ကြုံနေရတာလို့လည်း ဆိုပါတယ်။ အရင်က ၃ လ တကြိမ် ရေလုပ်သားတွေကို ကုန်းပေါ်ကို ၅ ရက်ကနေ ၇ ရက်လောက်အထိ ပြန်ခွင့်ပေးပေမယ့် နောက်ပိုင်းမှာ ရေလုပ်သားတွေက ပြန်မဆင်းတဲ့အပေါ် ကမ်းပေါ်တက်ခွင့် ပိတ်ပင်ခဲ့တာလို့လည်း ဆိုပါတယ်။  ပင်လယ်ကျားဖောင်တွေမှာဖြစ်ပွားနေတဲ့ အဓိကပြဿနာဟာ လူပွဲစားတွေကြောင့် ဖြစ်တယ် လို့ ဖောင်ဦးစီးတဦးက ဒီဗွီဘီကို ပြောပါတယ်။  လူပွဲစားတွေဟာ လုပ်ငန်းရှင်ဘက်ကရော ရေလုပ်သားတွေဘက်ကပါ အကျိုးအမြတ်ရယူနေ သလို မကောင်းတဲ့သူတွေလည်း ရှိတယ်လို့ ရေလုပ်သားတဦးက ဆိုပါတယ်။  အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဒီဇင်ဘာ ၂ ရက်နေ့က စပြီး ဖျာပုံမြို့က ဌာနဆိုင်ရာတွေကို စတင်စစ်ဆေးနေတာပါ။ ပင်လယ်ကျားဖောင်တွေမှာ အခုနှစ်အတွင်း လူပျောက်မှု ၁၄၆ မှုဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားမှုက ၁၂၇ မှုပဲ ရှိပါတယ်။ ဒါ့အပြင် အဲဒီကျားဖောင်တွေမှာ လူသေဆုံးမှု ၁၈ မှုနဲ့ လူသတ်မှု ၈ မှုရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024