ပန်းတောင်းမြို့နယ်တွင် လေးကောင်ဂျင်ဝိုင်းနှင့် ကြက်ဝိုင်းကို ဝင်ရောက်ဖမ်းဆီး
မင်းညို
·
December 3, 2019

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ထဲက လေးကောင်ဂျင်ဝိုင်း၊ ကြက်ဝိုင်းနဲ့အတူ ကား ၁ စီးနဲ့ ဆိုင်ကယ် ၃၂ စီး ဖမ်းမိခဲ့တယ်လို့ ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
ပြည်ခရိုင်ရဲတပ်ဖွဲ့မှုးရဲ့ ညွှန်ကြားချက်အရ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့အဖွဲ့က ဒီဇင်ဘာ ၁ ရက်နေ့က ပန်းတောင်းမြို့နယ် ကျွမ်းမီးကျေးရွာအုပ်စု လက်ပံကျွန်းကျေးရွာမှာ ကြက်ဝိုင်းနဲ့ လောင်းကစားဂျင်ဝိုင်း ပြုလုပ်နေတဲ့သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ရာမှာ SURF ကားတစီး၊ ဆိုင်ကယ် ၃၂ စီး၊ ဖုန်းတလုံး၊ ငွေသား ၇ သိန်းကျော်နဲ့အတူ လူ ၈ ယောက် ဖမ်းမိခဲ့တာပါ။
လောင်းကစားဝိုင်းတွေနဲ့အတူ ဖမ်းမိသူတွေက လက်ပံကျွန်းကျေးရွာက ကိုသိန်းမျိုးဦး၊ မောင်ဆောင်း၊ လှည်းကူးကျေးရွာက ကိုအောင်မြင့်ဦး၊ ထိပ်ပေါက်ကျေးရွာက ဦးတင်ဝင်း၊ ညောင်ခြေထောက်ရွာက ကိုအောင်ထွေး၊ အိုင်သပြုရွာက ကိုသိန်းနိုင်၊ ငါးရံချောင်းရွာက ကိုဆန်းဦး၊ ဥသျှစ်ပင်မြို့က ကိုစိုးအောင်တို့ကို လောင်းကစားပြုလုပ်ရာမှာ အသုံးပြုတဲ့ လေးကောင်ဂျင်သီး ၃ လုံး ၊တိုက်ကြက် ၃ ကောင်တို့နဲ့အတူ ဖမ်းမိခဲ့ပါတယ်။
ဖမ်းမိထားတဲ့သူတွေကို လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)၁၆(က)တို့နဲ့ အရေးယူထားပြီး ဆက်လက်စစ်ဆေးနေတယ်လို့ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်ဝင်းက ပြောပါတယ်။