DVB Logo
Home
Lead Story
ဆလုံလူမျိုး ပျောက်ကွယ်မသွားစေဖို့ ဘယ်လို ကုစားကြမလဲ
DVB
·
December 3, 2019
ဆလုံလူမျိုး ပျောက်ကွယ်မသွားစေဖို့ ဘယ်လို ကုစားကြမလဲ
Donate to DVB

“ပုလဲလေးတွေဆိုတာ ကမာကောင်ရဲ့ မျက်ရည်ပဲ…ခင်” ဆိုတဲ့ သီချင်းလေး ကြားဖူးမှာပါ။ တကယ်တော့ ပုလဲလေးတွေဟာ ကမာကောင်ရဲ့ မျက်ရည်သာမက မော်ကင်း ခေါ် ဆလုံတို့ရဲ့ ချွေးတွေ၊ သွေးတွေ၊ နှလုံးသားတွေလည်း ပါဝင်ခဲ့တယ်။ မြန်မာတွေက “ဆလုံ” လို့ ခေါ်ကြတယ်။ ထိုင်းလူမျိုးတွေကတော့ “မော်ကင် (Mawken) လို့ ခေါ်ကြတယ်။ မောရစ်ကောလစ်ကတော့ “ဆီလီတာ” လို့ သူ့ရဲ့ “ယိုးဒယားဝှိုက်”မှာ ရေးခဲ့ဖူးတယ်။ ၁၈၉၁ သန်းခေါင်စာရင်းမှာတော့ “ဆီလုန်လူမျိုး”လို့ ဆိုသတဲ့။ ဆလုံတွေကတော့ သူတို့ကိုယ်သူတို့ “မွန်ခမ်း”(Mokem)”လို့ပဲ ခေါ်ကြတာပါ။

အခုတော့… ဆလုံတို့ရဲ့ ဘဝအထွေထွေဟာ အဲဒီပုလဲတွေ၊ ကမာတွေရဲ့ ဒဏ်ခတ်ခြင်းကိုတောင် ခံနေရပြီလို့ ဆိုရလောက်အောင် ဘဝရှင်သန်မှု ခက်ခဲလာခဲ့ပါတယ်။ အထူးသဖြင့် ပုလဲမွေးမြူရေးနဲ့ ရေတပ်စခန်း တည်ဆောက်မှုတွေက သူတို့ဘဝရှင်သန်မှုကိုတောင် ခြိမ်းခြောက်ခြင်း ခံလာရတဲ့ အခြေအနေမှာ ရှိနေခဲ့ပါတယ်။ 

တကယ်တော့ ဆလုံတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းထဲမှာ ပုလဲငုပ်ခြင်း၊ ငါးဖမ်းခြင်းလုပ်ငန်းဟာ အဓိကအသက်မွေးမှုလုပ်ငန်းပါ။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့ အသက်မွေဝမ်းကျောင်းကြရသူတွေ မဟုတ်ခဲ့ပါဘူး။ နေရာဒေသကိုလည်း အတည်တကျ နေထိုင်ကြသူတွေ မဟုတ်ဘဲ ပင်လယ်ပြင်မှာ လှေကို ဖောင်ဖွဲ့ပြီး မိသားစုတွေ နေထိုင်ကြတာ။ မိုးရာသီလို ရာသီဥတု ဆိုးဝါးချိန်ကျမှ သောင်စပ်ကမ်းစပ်မှာ ခြေတံရှည်တဲကြီးတွေ ဆောက်ပြီးနေကြတာ။ ကျန်အချိန်တွေမှာတော့ ပင်လယ်ပြင်တခွင် လှည့်လည်သွားလာ နေထိုင်ကြတာ။ ဆလုံတို့ရဲ့ ထူးခြားချက်တခုကလည်း အခြားသောလူမျိုးတွေနဲ့ ရောနှောနေထိုင်လေ့ မရှိခြင်းပါပဲ။

ရေကူး ရေငုပ် အထူးကျွမ်းကျင်သူတွေ ဖြစ်တယ်။ ဒါကြောင့်လည်း ဆလုံတွေကို ပင်လယ်ပျော်တွေ၊ ပင်လယ်ဂျစ်ပစီတွေလို့ တင်စားခေါ်ခဲ့ကြတယ်။ သူတို့ကို တွေ့ရှိနိုင်တာနဲ့ နေထိုင်ရာဒေသဟာ ကော့သောင်းခရိုင်နဲ့ မြိတ်ခရိုင်တို့မှာရှိတဲ့ ကျွန်းတွေရဲ့ အနီးတဝိုက်မှာပါ။ ကျွန်းတွေရဲ့ သောင်စပ်၊ ကမ်းစပ်တွေဟာ သူတို့ နေထိုင်ရာ ပျော်မွေ့ရာ ဒေသတွေပါ။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှာ ပင်လယ်ခရု၊ ကမာ(မုတ်ကောင်) ငါးကြီးအန်ဖတ်၊ ပင်လယ်ရေမှော်၊ ပုလဲ၊ ငှက်သိုက်ရှာခြင်း၊ ပျားရည်နဲ့ ပရဆေးပင်တို့ ရောင်းဝယ်ဖောက်ကားခြင်းတို့ပါပဲ။

သဘာဝပင်လယ်ပြင်မှာ သဘာဝအတိုင်း ရှာဖွေစားသောက်ကြရသူတွေဖြစ်တဲ့ ဆလုံတို့ ကျင်လည်ရာ ဒေသတွေမှာ ၁၉၉၀ နောက်ပိုင်းကစပြီး ပုလဲမွေးမြူရေး၊ ငှက်သိုက်လုပ်ငန်းနဲ့ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွေကို ကုမ္ပဏီတွေ ဝင်ရောက်လုပ်ကိုင်ရာကစလို့ ဆလုံတို့အတွက် အသက်မွေးလုပ်ငန်းဟာ အလုပ်အကိုင် ရှားပါးခြင်းတွေနဲ့ ကြုံလာခဲ့ရတယ်။ ပုလဲမွေးမြူရေးအတွက် ဆိုပြီး ၁၉၉၂ ခုနှစ်ထဲမှာ ဆလုံတို့ဟာ ပုလဲကျွန်းကနေ မောင်းထုတ်ခြင်း ခံခဲ့ရတယ်။ အိမ်တွေ၊ လှေတွေ၊ တဲတွေကိုပါ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရတယ်။ ပုလဲကျွန်းတရွာလုံး ပြာကျခဲ့တယ်လို့ ဆိုတယ်။ 

အဲဒီနောက် “စကောကျွန်း”ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပြန်ပါတယ်။ ပုလဲလုပ်ငန်း တိုးချဲ့မှုကြောင့် စကောကျွန်းကိုလည်း ၁၉၉၄ ခုနှစ်ထဲမှာ အရင်ကနည်းတူ ထပ်မံပြီးနှင်ထုတ်ခြင်း မီးရှို့ဖျက်ဆီးခြင်းတွေ ခံကြရပြန်ပါတယ်။ ဒီလိုနဲ့ ဆလုံတို့ဟာ စကောကျွန်းကပါ လက်လွတ် ထွက်ပြေးကြရပြန်ပါတယ်။ အချို့ကတော့ ကော့သောင်းကနေ ထိုင်းနိုင်ငံဘက် ထွက်ပြေးကြတယ်လို့ သိရတယ်။ အချို့ကတော့ လငန်းကျွန်း၊ စောမွန်လှကျွန်း၊ နိုင်းအောင်ကျွန်းတို့မှာ ခိုလှုံနေကြတယ်။ လငန်းကျွန်းဟာ ဆလုံတို့ရဲ့ နောက်ဆုံးခံတပ်လို့တောင် ဆိုကြတယ်။

၁၉၉၆ ခုနှစ်ကတော့ ရန်ကုန်တက္ကသိုလ်က မနုဿဗေဒပါမောက္ခ ဒေါ်တင်ရီနဲ့ အဖွဲ့ဟာ ဇာဒက်ကြီးကျွန်းတဝိုက်မှာရှိတဲ့ ဆလုံတို့ကို လေ့လာရေးဆင်းခဲ့ကြပါတယ်။ ဇာဒက်ကြီးကျွန်းအနီးက ပလောကာလိုကျွန်းနဲ့ တစပ်တည်းရှိတဲ့ စိန့်ပေါကျွန်းပေါ်မှာတော့ တာပူးရွာနဲ့ တာပေါရွာ ဆိုတဲ့ ဆလုံရွာဟောင်းတွေကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဇာဒက်ကြီးကျွန်းပေါ်မှာတော့ ဆလုံရွာ ၂ ရွာ ရှိတယ်လို့ သိရတယ်။ တလွန်းဆလုံရွာနဲ့ ကော့ညှောဆလုံရွာလို့ ခေါ်တဲ့ ရွာတွေပေါ့။

တလွန်းဆလုံရွာကတော့ ဇာဒက်ကြီးကျွန်းရဲ့ အနောက်မြောက်ဘက်မှာ ရှိလေရဲ့။ ပထဝီဝင် သတ်မှတ်ချက်အရ ဆိုရင် မြောက်လတ္တီတွဒ် ၁၀ ဒီဂရီနဲ့ ၀၁.၆ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီနဲ့ ၁၂ မိနစ်အတွင်းမှာ ရှိတယ်။ ရေတပ်စခန်းမဖွင့်မီကဆိုရင် ဆလုံလှေအုပ်စုတွေ ဝင်ထွက်သွားလာ နားခိုရာဖြစ်ခဲ့တယ်။ ဆလုံလှေအုပ်စု သုံးစု နားခိုရာပါ။ သုံးစုဆိုပေမယ့် အုပ်စုတစုမှာ လှေအစီး ၁၀ စီးကနေ ၁၅ စီးအထိ ရှိတယ်ဆိုတော့ လှေအစီးပေါင်း အနည်းဆုံး ၄၅ စီး ရှိနေတာပေါ့။ မိသားစုလိုက်ဆိုတော့ လူဦးရေ တရာကျော်လောက် ရှိနိုင်တယ်။

ကော့ညှောဆလုံရွာကတော့ တလွန်းရွာနဲ့ တမိုင်နီးပါး ဝေးတယ်။ ဇာဒက်ကြီးကျွန်းပေါ်မှာပဲ ရှိတာပါ။ အတွင်းဘက် နည်းနည်းကျတယ်။ သူကလည်း ပင်လယ်ဝကို ဝင်ရောက်လာတဲ့ လှေအုပ်စုတွေ နားခိုရာဖြစ်ခဲ့တာ။ လှေအစု အတော်များများ နားခိုကြတာ။ ၁၉၉၆ ခုနှစ် စာရင်းအရ တလွန်းရွာမှာ အိမ်ခြေ ၉၈ အိမ်နဲ့ လူဦးရေ ၅၀၅ ယောက်ရှိပြီး ကော့ညှာရွာမှာတော့ အိမ်ထောင်စု ၄၀ နဲ့ လူဦးရေ ၁၅၃ ယောက်ရှိတယ်လို့ မနုဿဗေဒလေ့လာသူတွေ မှတ်တမ်းပြုခဲ့တယ်။ 

၁၉၉၈ ခုနှစ်ကတော့ ဇာဒက်ကြီးကျွန်းနဲ့ အနီးဆုံးမှာရှိတဲ့ ခရစ်စတီး (Cristie Island) ပေါ်မှာရှိတဲ့ ဆလုံတွေ ၆၀ နီးပါး အသတ်ခံခဲ့ရတယ်လို့ ဘီဘီစီ မြန်မာပိုင်းအစီစဉ်မှာ ဗိုလ်မှူးဟောင်း အောင်လင်းထွတ်နဲ့ အင်တာဗျူးကို အသံလွှင့် ပြောကြားခဲ့တာကို ကြားဖူးခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ကောက်ယူစာရင်းအရ ဇာဒက်ကြီးကျွန်းမှာ ဆလုံ ၄၇၆ ဦးရေပဲ ရှိတယ်လို့ ဆိုပါတယ်။ စုစုပေါင်း တနိုင်ငံလုံးမှာရှိတဲ့ ဆလုံဦးရေဟာ ဂျလန်းကျွန်းမှာ ၁၃၂ ယောက်၊ ညောင်ဝီးကျွန်းမှာ ၁၂၈ ယောက်၊ မကြုံဂလက်မှာ ၂၈၈ ယောက်၊ ကံမော်ကြီးကျွန်းမှာ ၃၈ ယောက်၊ အလယ်မန်ကျွန်းမှာ ၄၅ ယောက်နဲ့ ဆလုံဗမာ ၁၈ ယောက်၊ လငန်းကျွန်းမှာ ၂၁၈ ယောက်နဲ့ ဆလုံဗမာ ၄၄ ယောက်၊ ဒုံးညောင်မှိုင်မှာ ၈၉ ယောက်၊ ဒုံးပလဲအော်မှာ ၁၅၀၊ ပရောဝါးမှာ ၈၅ ယောက်၊ စုစုပေါင်း ၁၇၁၃ ယောက်ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။ ဒီစာရင်းမှာ ဆလုံဗမာ ၆၂ ယောက် ပါဝင်တယ်။ အဲဒီ ၆၂ ယောက် နုတ်လိုက်ရင် ဆလုံစစ်စစ်ဟာ ၁၆၅၁ ယောက်ပဲ ရှိပါတော့တယ်။

၁၉၇၈ စာရင်းအရ ဆလုံလူမျိုးဦးရေ ၁၇၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ နှစ်ပေါင်း ၄၀ ကျော်အတွင်းမှာ သေဆုံး ပျောက်ကွယ် ပြောင်းရွှေ့နဲ့ ဆလုံဦးရေ ၁၅၀၀၀ ကျော် ဆုံးရှုံးခဲ့ရပါတယ်။ တနှစ်ကို ၄၀၀ နီးပါး ပျောက်ကွယ်နေခြင်းကို တွေ့ရပါတယ်။

ဒီဖြစ်စဉ်ကို စောင့်ကြည့်ရုံနဲ့ မလုံလောက်တော့ဘဲ မျိုးသုဉ်းပျောက်ကွယ်မသွားရေးအတွက် လုံလောက်သော အကာအကွယ် ပြုလုပ်ပေးကြဖို့ လိုနေပါတယ်။ လုံလောက်တဲ့ အကာအကွယ်ပေးမှု ဆိုရာမှာလည်း  ဆလုံလို ရေငုပ်ကျွမ်းကျင်တဲ့ ပင်လယ်ပျော်တွေအတွက် အသက်ကယ်အင်္ကျီ ပေးလှူတာမျိုးမဟုတ်ဘဲ ဥပဒေတရပ်နဲ့ ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ လိုအပ်မှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013