DVB Logo
Home
မြန်မာသတင်း
ဘားအံအုပ်ချုပ်ရေးမှူးက ဒေသခံ ၁၀ ဦးကို တရားစွဲ
DVB
·
December 3, 2019
ဘားအံအုပ်ချုပ်ရေးမှူးက ဒေသခံ ၁၀ ဦးကို တရားစွဲ
1 / 5
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘင်ဂျီကျေးရွာက ဒေသခံတွေဟာ ကျေးရွာဟောင်းမြေ နေရာမှာ ရာသီသီးနှံဝင်ရောက်စိုက်ပျိုးလုပ်ကိုင်နေတာနဲ့ပတ်သက်ပြီး ဒေသန္တရအမိန့်ကို ချိုးဖောက်မှု၊ အားပေးကူညီမှုတွေနဲ့ ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသခံ ၁၀ ဦးကို ‌တရားစွဲဆိုထားပါတယ်။

ဘားအံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၉ စက်တင်ဘာလ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်အမှတ် ၃/၂၀၁၉ ကို ချိုးဖောက်မှု၊ အားပေးကူညီမှုတွေနဲ့ ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးက ဘားအံမြို့နယ် တရားရုံးမှာ နိုဝင်ဘာ ၂၉ ရက်နေ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ နဲ့ ဒေသခံ ၅ ဦး၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈/၁၀၉ နဲ့ ဒေသခံ ၅ ဦးကို တရားစွဲဆိုထားတာပါ။

မူလရွာဟောင်းမြေနေရာမှာ ‌အစိုးရအဆက်ဆက် ပြန်လည်လုပ်ကိုင်စားသောက်ခွင့်ပြုဖို့ ဒေသခံတွေက တင်ပြတောင်းခံခဲ့တဲ့အတွက် လက်ရှိအစိုးရက ဒေသခံ ၂ ဦးကို ၁ ဧကနှုန်းနဲ့ ဒေသခံ ၁၆၀ အတွက် မြေဧက ၈၀ ကို ကရင်ပြည်နယ်အစိုးရက ၂၀၁၉  ဇန်နဝါရီ ၂၂ ရက်မှာ စာထုတ်ပြီး စိုက်ပျိုးလုပ်ကိုင်‌ခွင့်ပြုခဲ့ပါတယ်။

ကျန်မြေ ၂၂ ဧကပေါ်မှာ လူနေထိုင်ခွင့်အတွက် အိမ်ကွက်ရိုက်ဖော်ဆောင်ဖို့ ညွှန်ကြားထားတဲ့ မြေနေရာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘင်ဂျီကျေးရွာနေ တရားစွဲခံရသူ နော်ချိုသက်က “အခုကျမတို့ ဒေသန္တရ အမိန့်ကို ချိုးဖောက်တယ်ဆိုတော့ မတရားဘူး။ အမှန်‌ပြောရရင် ဒေသန္တရအမိန့်ကို ဖောက်ဖျက်တာမဟုတ်ဘူး။ ဒေသန္တရအမိန့်ကသာ ကျမတို့ကို လာပြီးတော့ကျူးလွန်နေတာ”လို့ ပြောပါတယ်။

ကျေးရွာသားတွေရဲ့ ဆန္ဒနဲ့အညီ ဥပဒေဘောင်အတွင်းကနေ စွန့်လွှတ်မြေကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိဖို့ စာတင်ရင်းနဲ့ ရွာသားတွေကို  အားပေးကူညီသူဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲဆိုထားတာ ဖြစ်တယ်လို့ တရားစွဲခံရသူကိုစောရွှေသန်းမြင့်ကလည်းပြောပါတယ်။

အဆိုပါမြေနေရာဟာ ဝါးဘိုးတောရွာဟောင်း‌မြေနေရာဖြစ်ပြီး ၁၉၅၀ ခုနှစ်က နယ်မြေ တည်ငြိမ်းအေးချမ်းမှုမရှိလို့ ဒေသခံတွေဟာ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်ခဲ့​ကြပါတယ်။

၂၀၁၄ ခုနှစ်မှာ အမှတ် ၂ စက်မှုဝန်ကြီးဌာနက သိမ်းဆည်းပြီး ရာဘာစိုက်ပျိုး လုပ်ကိုင်နေရာက ၂၀၁၈ ခုနှစ်မှာ အမိန့်ကြေငြာစာအမှတ် ၁၈၂၂/ ၂၀၁၈ ပြန်လည်စွန့်ပြီး ပြည်နယ်အစိုးရက နိုင်ငံတော်ပိုင် အဖြစ်သတ်မှတ်ခဲ့ပါတယ်။

ဘင်ဂျီကျေးရွာသူ ဒေါ်မမူက“သူတို့ပြောတယ်။ အလုပ်မရှိရင် ကုမ္ပဏီမှာ အလုပ်လုပ်ပေါ့။ အဲတော့ ကျမတို့ကသူများကျွန် မဖြစ်ချင်တော့ဘူး။ အရင်တုန်းက ထိုင်းနိုင်ငံမှာ ကျွန်သွားလုပ်တာ ကြာပြီ၊ သူတို့က ဒီမှာကျွန်ပေးလုပ်စေချင်တယ်။ သူများကျွန်မခံနိုင်တော့ဘူး” လို့ ပြောပါတယ်။

ဘင်ဂျီကျေးရွာသူ ဒေါ်စတူးကတော့ “ပြောချင်တာကတော့ အများကြီး ဟိုရင်တုန်းက မဲထည့်ပေးတော့ ကူညီမယ်။ ပြန်ပေးမယ် ပြောပြီးတော့ သူတို့ကိုမဲထည့်ပေးတယ်။ ဒီလိုပုံစံမျိုးလုပ်ရင် မဲထည့်မပေးနိုင်တော့ဘူး”လို့ ပြောပါတယ်။

ပြည်နယ်အစိုးရက မူလကျေးရွာသားတွေကို ပြန်လည်လုပ်ကိုင်ခွင့်မပြုဘဲ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေကို ရာသီသီးနှံအလိုက် စိုက်ပျိုးလုပ်ကိုင်ခွင့်ကို တစ်နှစ် ငှားရမ်းခ ကျပ် ၁ သိန်းနဲ့ ၁၀ နှစ်တိတိလုပ်ကိုင်ခွင့်ပြပြီး ဆက်လက်လုပ်ကိုင်လို့ပါက သက်တမ်းတိုး လုပ်ကိုင်ခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကို တွေ့ဆုံသတင်းရယူနိုင်ဖို့ ဒီဗွီဘီက အကြိမ်ကြိမ်ကြိုးစားခဲ့ရာ သိလိုတဲ့အချက်အလက်ကို စာရေးတင်ပြဖို့ ‌ပြောဆိုခဲ့တဲ့အတွက် စာရေးတင်ပြခဲ့ပေမယ့် ယနေ့အထိ အကြောင်းပြန်ကြားတာ မရှိခဲ့ပါဘူး။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013