DVB Logo
Home
Lead Story
အိတ်ထဲက သိန်းခြောက်သောင်းခွဲ ပျောက်ဆုံးသွားခြင်း
DVB
·
December 3, 2019
အိတ်ထဲက သိန်းခြောက်သောင်းခွဲ ပျောက်ဆုံးသွားခြင်း
Donate to DVB

အစိုးရသတ်မှတ်ဈေးနှုန်းထက် ၁၀၀ ကျပ်မှ ၃၅၀၊ ၄၀၀ ကျပ် ဝန်းကျင်အထိ ဈေးပိုပေးကာ ဝယ်ယူကံစမ်းနေကြရတဲ့ အောင်ဘာလေထီ ကံစမ်းသူ ပြည်သူတွေကိုယ်စားပြုကာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှာ ထွက်ရှိတဲ့ (၁၀) ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေထီဆု ကံစမ်းမဲနှိုက်ပွဲကြီးကို စေ့ငုကြည့်ကြပါစို့။

ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ နိုဝင်ဘာ ၂၆ရက် ထုတ်ပြန်ချက်အရ 'က' အက္ခရာမှ အစဉ်လိုက် 'ကဂ'အထိ အက္ခရာ (၃၆)လုံးဖြင့် ထီလက်မှတ် စောင်ရေ ၃၂၃သိန်းကျော် (၃၂၃၉၉၉၂၈) ကို ရောင်းချခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော်အနေနဲ့ ထီလက်မှတ်ရောင်းရငွေအဖြစ် ကျပ်သန်းပေါင်း ၂၉၄၅၄ ဒသမ ၄၈၀ ရရှိထားတဲ့အတွက် ထီလက်မှတ်တစ်စောင်ကို (၉၀၉)ကျပ် ဖြင့် ရောင်းချရတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။

သို့သော်လည်း အောင်ဘာလေ ထီကံစမ်းသူများအနေနဲ့ ထီတစ်စောင်ကို ငွေကျပ်မည်မျှ ပေး၍ ဝယ်ယူခဲ့ကြရပါသလဲ။ တချို့က ကျပ် ၁၁၀၀၊ တချို့က ကျပ် ၁၂၀၀ ၊ တချို့က ကျပ် ၁၃၀၀ စသဖြင့် ကျပ် ၁၅၀၀ နှုန်းအထိပင် အမြင့်ဆုံးပေး၍ ဝယ်ယူကံစမ်းကြရသူတွေ ရှိနေကြမှာပါ။

ဒါပေမယ့် အခုတော့ ထီတစ်စောင်ကို ကျပ် ၁၂၀၀ နှုန်းဖြင့် အကြမ်းဖျင်းသတ်မှတ်ကာ တွက်ချက်ကြည့်ရအောင်။

အစိုးရရဲ့ တရားဝင် သတ်မှတ်တန်းဖိုးထက် ကျပ် ၂၀၀ ဈေးပိုပေးရရင်တောင် နိုဝင်ဘာ တစ်လတည်း ထုတ်ရောင်းတဲ့ ထီအစောင်ရေနဲ့ တွက်ချက်ကြည့်ပါက ကျပ်သိန်းပေါင်း ၆၅၀၀၀ ခန့်(၆၄၇၉၉၈၅၆၀၀) ပိုမိုကုန်နေတာကို တွေ့ရပါတယ်။ အခုဆိုရင် ကျပ်တစ်ထောင်တန် ထီဖွင့်ခဲ့တာ (၁၀)ကြိမ် အထိ ရှိနေပါပြီ။ အောင်ဘာလေထီ ကံစမ်းသူ ပြည်သူများအတွက် မည်မျှဝန်ထုတ်ဝန်ပိုး ဖြစ်နေပြီလဲဆိုတာကို ပြည်သူ့အစိုးရ သတိပြုသင့်ပါပြီ။

ဒါတင်ပဲဆိုတော့ မဟုတ်ပါ။ ပြည်သူများအတွက် ဝန်ထုတ်ဝန်ပိုးတင်မကဘဲ ပြုံးပြုံးကြီး ကြုံတွေ့နေရတဲ့ နစ်နာမှုကြီးလည်း ရှိနေပြန်ပါတယ်။ အဲဒါကတော့ ထီဆုပါ။

ထီဥပဒေအရ ရောင်းရငွေရဲ့ ၄၀ ရာခိုင်နှုန်းကို အောင်ဘာလေထီ အခွန်အဖြစ် နိုင်ငံတော်မှ ရရှိပြီး ကံစမ်းသူများအတွက် ရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ဒါဟာ မျှတပါရဲ့လား သံသယဖြစ်စရာပါ။

၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှာ ဖွင့်လှစ်ပေးခဲ့တဲ့ ထီဆုကံစမ်းမဲနှိုက်ပွဲကြီးမှာ ဆုမဲပေါင်း နှစ်သိန်းကျော် (၂၀၉၈၀၅) ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒါကြောင့် ထီလက်မှတ်စောင်ရေ ၃၂၃သိန်းကျော်နဲ့ အချိုးချတွက်ချက် ကြည့်ပါက ထီအစောင်ရေ ၁၆၀မှာမှ တစ်စောင်သာ ဆုမဲပေါက်နိုင်မယ့် အခြေအနေဖြစ်ပါတယ်။ မူလကတည်းက ကံစမ်းပွဲလို့ ကင်ပွန်းတပ်ထားပေမယ့် သင်္ချာနည်းအရတွက်ချက်ကြည့်ပါက "ထီပေါက်ဖို့ထက် မိုးကြိုးထိဖို့က ပိုနီးစပ်တယ်"ဆိုတဲ့ အတိသယဝုတ္တိကို အပြစ်မဆိုသာတော့ပါ။

စိတ်ဝင်စားဖို့ကောင်းကတော့ နိုင်ငံတော် အစိုးရနဲ့ ထီကံစမ်းသူ ပြည်သူအကြားက ချိတ်ဆက်သူထီကိုယ်စားလှယ်တော်ကြီးများရဲ့ အခန်းကဏ္ဍပါ။

သူတို့ဟာ ထီရောင်းသူနဲ့ ထီထိုးသားအကြား တံတားထိုးပေးရုံမျှဖြင့် ကျပ်သိန်းပေါင်း တစ်သိန်းနီးပါး (၉၄၂၈၃၇၉၀၄၈) ရရှိသွားခဲ့တာပါပဲ။ ထီကိုယ်စားလှယ်တော်ကြီးများဟာ နိုင်ငံတော်မှ ထီတစ်စောင်ကို ၉၀၉ကျပ်ဖြင့် ဝယ်ယူပြီး ကံစမ်းသူများသို့ ပြန်လည်ရောင်းချရာမှာ ၁၂၀၀ကျပ်(အကြမ်းသတ်မှတ်ချက်)ဖြစ်တာကြောင့် ထီတစ်စောင်အတွက် အကြမ်းမျှအမြတ်ငွေ ၂၉၁ ကျပ် ရရှိနေတာပါပဲ။

ထီကံစမ်းသူ ပြည်သူများအကျိုးကို မျှော်ရည်သည်ဆိုပါရင် အောင်ဘာလေထီ အရေးကို အလေးထားဆောင်ရွက် သင့်ပါပြီ။
နှင်းကို
Infographic မှာလည်း လေ့လာနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013