DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံနေရသူပေါင်း ၂ သိန်းခွဲခန့်ရှိနေ 
DVB
·
December 2, 2019
Donate to DVB

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှအဖွဲ့ဝင် ၁၁ နိုင်ငံမှာ အိပ်ချ်အိုင်ဗွီ၊အေအိုင်ဒီအက်စ် ကူးစက်ဖြစ်ပွားမှုအများဆုံး ၄ နိုင်ငံမြောက်နိုင်ငံဖြစ်ပြီး တနိုင်ငံလုံး ရောဂါကူးစက်ဖြစ်ပွားနေသူ ၂ သိန်းခွဲလောက် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

၂၀၁‌၈ခုနှစ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေကို ကိုးကားပြီး မနေ့ကကျင်းပတဲ့         ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့အခမ်းအနားမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောတာပါ။

အိပ်ချ်အိုင်ဗွီပိုးအသစ်ကူးစက်ခံရတာဟာ တနိုင်ငံလုံးတပြေးညီ ဖြစ်ပွားနေတာမဟုတ်ဘဲ ကချင်နဲ့ရှမ်းပြည်နယ်(မြောက်ပိုင်း)၊စစ်ကိုင်းနဲ့ရန်ကုန်တိုင်းတို့မှာ အမြင့်မားဆုံးဖြစ်နေတာကို တွေ့ရလို့ ဒီအချက်ကို အထူးသတိပြုရမယ်လို့လည်း ပြောပါတယ်။

အိပ်ချ်အိုင်ဗွီ ပိုးအသစ်ကူးစက်ခံရသူပေါင်း  ၂၀၀၀ ခုနှစ်မှာ ၂၉,၀၀၀လောက်နဲ့အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ၁၀,၀၀၀ ကျော်အထိ ကျဆင်းလာ ခဲ့တယ်လို့လည်းဝန်ကြီးက ပြောပါတယ်။

၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံမှာ အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံနေရသူဦးရေ ၂၃၇,၀၀၀ လောက်ရှိတယ်လို့ (AIDS Epidemic Model- AEM)နဲ့ ခန့်မှန်းတွက်ချက်မှုအရ သိရတယ်လို့ ဝန်ကြီး ပြောပါတယ်။

၂၀၁၅ ခုနှစ်အစမှာ အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရသူ ၂ သိန်းကျော်ထဲက လူနာ ၈ သောင်းခွဲကိုပဲ ဘဝတသက်တာသောက်ရမယ့် အေအာတီဆေး(Lifelong ART) နဲ့ ကုသပေးနိုင်ခဲ့ရာက ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာတော့ လူနာပေါင်း ၁၇၅,၀၀၀ ကျော်အထိ ၂ ဆတိုးပြီး ကုသပေးနေနိုင်ပြီလို့ ပြောပါတယ်။

ဒီထဲက ၁၃၀,၀၀၀ ကျော်ကိုတော့ အစိုးရကျန်းမာရေးဌာနတွေမှာ ကုသပေးနေပြီး အပြည်ပြည်ဆိုင်ရာနဲ့ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေရဲ့ဆေးခန်းတွေမှာ ကုသနေသူတွေ ကိုလည်း  တဖြည်းဖြည်းလွှဲပြောင်းလက်ခံရယူပြီးကုသပေးနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးအကြောထဲထိုးသွင်းသူပေါင်း ၉၃,၀၀၀ လောက်ရှိပြီး ၂၀၁၇ ခုနှစ် စစ်တမ်းအရ မူးယစ်ဆေးဝါးအကြောထဲထိုးသွင်းသူတွေမှာ အိပ်ချ်အိုင်ဗွီဖြစ်ပွားမှုနှုန်း ၃၄ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေမှာ အိပ်ချ်အိုင်ဗွီဖြစ်ပွားနှုန်းကတော့ ၂၀၁၁ ခုနှစ်မှာ ၀ ဒသမ ၈၄ ရာခိုင်နှုန်းရှိခဲ့ရာကနေ  ၀ ဒသမ ၅၇ ရာခိုင်နှုန်းအထိ အထိတဖြည်းဖြည်းကျဆင်းလာပြီး မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ်မှာ မိခင်ကနေ ကလေးကို အိပ်ချ်အိုင်ဗွီပိုးကူးစက်တာ လုံးဝ ကင်းစင်ပပျောက်သွားတဲ့အထိ ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတယ်လို့လည်း ဝန်ကြီးက အသိပေးပါတယ်။

ရောဂါတိုက်ဖျက်ရေးမှာ အောင်မြင်တာတွေရှိနေပေမယ့် ဝေးလံခက်ခဲဒေသတွေက တိုင်းရင်းသားလူမျိုးစုတွေအတွက် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါကာကွယ်ရေးလုပ်ငန်း တွေ ပိုလုပ်ပေးနိုင်ဖို့၊ အိပ်ချ်အိုင်ဗွီပိုးကူးစက်ဖို့ အန္တရာယ်ရှိတဲ့ မူးယစ်ဆေးထိုးသွင်းသူတွေ (PWID)၊ အမျိုးသမီးလိင်လုပ်သားတွေ(FSW)နဲ့ အမျိုးသားချင်း လိင်တူဆက်ဆံသူတွေ(MSM)၊ ထောင်တွင်း အကျဉ်းကျနေသူတွေ(Prisoners and people in closed setting)၊ ရွှေ့ပြောင်းလုပ်သားတွေ (Migrants)ကို သွေးစစ်ပေးတာ ပိုပြီးလုပ်နိုင်ဖို့လိုအပ်နေပါတယ်။

ဒါအပြင် အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံနေရသူအားလုံး အေအာတီ ဆေးဝါးရရှိအောင်လုပ်ပေးဖို့၊ အိပ်ချ်အိုင်ဗွီပိုးရှိလူနာတွေကို စဉ်ဆက်မပြတ် ပြုစုကုသ စောင့်ရှောက်ဖို့နဲ့ အိပ်ချ်အိုင်ဗွီပိုးရှိသူတွေကို ခွဲခြားနှိမ့်ချ ဆက်ဆံတာတွေ လုံးဝပပျောက်အောင် ဆောင်ရွက်ဖို့ စတဲ့ ရှေ့ဆက်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ ကျန်နေတာကြောင့် ပေါ့ဆလို့မဖြစ်ဘဲ အလေးပေး ဆောင်ရွက်သွားရမယ်လို့ ဝန်ကြီးက ဆိုပါတယ်။

ခုခံအားကျဆင်းမှုကူစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း ရန်ပုံငွေအမေရိကန်ဒေါ်လာ ၄၆၆ သန်းရှိထားတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပထမဦးဆုံးအိပ်ချ်အိုင်ဗွီပိုးရှိသူတယောက်ကို ၁၉၈၈ ခုနှစ်မှာစတင်စစ်ဆေးတွေ့ခဲ့ပြီး နောက် ၂ နှစ်အကြာ ၁၉၉၀ ခုနှစ်မှာ အေအိုင်ဒီအက်စ်ရောဂါ လူနာတယောက်ကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013