DVB Logo
Home
ကျန်းမာရေး
ဟိုအရွက် သည်အရွက် ပြုတ်သောက်ကြတဲ့အခါ
DVB
·
December 1, 2019
ဟိုအရွက် သည်အရွက် ပြုတ်သောက်ကြတဲ့အခါ
Donate to DVB

ကိုယ်တွေ အလုပ်သင်ဆရာဝန်ဘဝ ward ထဲ လူနာနည်းတဲ့ နေ့မျိုးဆို ရက်ရှည်ဆေးရုံတက်သော လူနာတွေဆီ သွားသွားစကားပြောလေ့ရှိသည်။ ဟိုဘက်ကုတင် သည်ဘက်ကုတင် လူနာစောင့်တွေနဲ့ ပေါင်းပြီး လက်ဖက်သုပ်စား…သူတို့ပြောတာတွေလည်း နားထောင်ပေါ့လေ။ တစ်ခါတစ်မျိုး မရိုးရအောင် နည်းလမ်း အသစ်အဆန်းတွေလည်းကြားရပါရဲ့။ သူတို့ကတော့ ကိုယ့်ပါ ဗဟုသုတရပါစေဆိုပြီး အာပေါင်အာရင်းသန်သန်နဲ့ မျှဝေတာပေါ့။ ဆီးကျိတ်ရောဂါသည်ကို သံမနိုင်ကျောက်မနိုင် ပြုတ်တိုက်တဲ့သူနဲ့ ( ဆီးကျိတ်က ကျောက်ကပ်နဲ့ ဘာမှမဆိုင်တာလည်း သိပုံမရ) ၊ ဆီးချိုသမားကို ကြက်ဟင်းခါးစေ့ဝါးခိုင်းတဲ့သူနဲ့။ ကိုယ့်မှာတော့ လက်ဖက်သုပ်နှိုက်လျက် ဇွန်းတန်းလန်းနဲ့ မျက်လုံးတွေလည်းပြူး …စိတ်ထဲလည်း ထိတ်ကနဲ ထိတ်ကနဲပါပဲ။ ဒါနဲ့ သူတို့ အမြင်ရှင်းသွားပြီး နားလည်လက်ခံနိုင်မယ့် နည်းလမ်းလေးကို စဉ်းစားပြီး ဝင်ပြောကြည့်သည်။

“တိုင်းရင်းဆေးတွေက စစ်မှန်ရင် တကယ်စွမ်းတယ်နော်။ အနောက်တိုင်းဆေးပညာ မပေါ်ခင်ကတည်းက အတည်တကျအခိုင်အမာရှိခဲ့တာပဲ”

“ ဟုတ်တယ်ဆို …. တချို့တွေက လက်မခံချင်ကြဘူး ဆရာမရဲ့။ ကျွန်မတို့ကပဲ ခေတ်နောက်ကျနေသလိုလို နဲ့ အထင်သေးချင်ကြတာ”

ဆရာဝန်ကပါ သူ့ဘက်ပါပြီဆိုပြီး ဝမ်းသာအားရ ထောက်ခံတာ။

“ ကျွန်မပြောပါတယ်။ စစ်မှန်ရင် စွမ်းပါတယ် လို့။ ဒါပေမဲ့ ကိုယ်သိထားတဲ့ တိုင်းရင်းဆေးနည်းက စစ်မှန်တယ် မစစ်မှန်ဘူး ဘယ်သူအတိအကျ သိလဲ…. ခွဲခြားနိုင်လဲ။”

စကားဝိုင်းက ရုတ်တရက် ငြိမ်ကျသွားသည်။ ဒီလိုအချိန် ပြောချင်တာလေးဖိပြောမှ။

“ တိုင်းရင်းဆေးနည်း အများစုက သဘာဝသစ်ဖုသစ်ဉ၊ သစ်ပင်နွယ်ပင်တွေကိုအခြေခံပြီး ဖော်စပ်ကြတာလေ။ အဲ့လိုဖော်စပ်တဲ့နေရာမှာ ပြုတ်တာတစ်ခုထဲ မဟုတ်ဘူးလေ…. ရေခန်းကြိုတာ ၊အနှစ်တိုက်တာ၊ ပြာချတာ၊ အခြောက်ခံတာ၊ ကြိတ်တာ စသည်ဖြင့် အများကြီးရှိတယ်။ ဘယ်ရောဂါအတွက် ဘယ်အပင် ဘယ်အသီးကို ဘယ်လိုလုပ်ပြီး ဘယ်လောက်ပမာဏထည့်မယ်ဆိုတဲ့ ဖော်နည်းကားကျတော့ တကယ်နားလည်တတ်ကျွမ်းတဲ့ တိုင်းရင်းဆေးပညာရှင်မှပဲ သိမှာလေ။ ကျွန်မ တိုင်းရင်းဆေးပင် စာအုပ်တွေ လေ့လာဖူးပါတယ်။ ဆေးပင်တစ်မျိုးထဲမှာတောင် အရွက်ပေးတဲ့အာနိသင် အခေါက်ကရတဲ့အာနိသင်၊ အသီးအပွင့်ရဲ့အာနိသင်၊ အမြစ်ရဲ့အာနိသင် မတူကြပါဘူး။ ထည့်ရတဲ့ပမာဏပေါ်လိုက်ပြီးလည်း အာနိသင်ကွဲပါတယ်။ ပြုလုပ်ပုံ ဖော်နည်းကားပေါ်လိုက်ပြီးလည်း အာနိသင်ကွဲပါတယ်။ ဆေးပင်တစ်မျိုးထဲမှာတင် အသီးကင်းကသာ အာနိသင်ရှိပြီး တစ်ပင်လုံး အဆိပ်ဖြစ်နေတာမျိုးရှိနိုင်သလို ပမာဏ အနည်းအများကွာတာနဲ့ ခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အထိ ဒုက္ခပေးတတ်တဲ့ဟာတွေလည်း ရှိပါသေးတယ်။ နေလှန်းပြာချရမယ့် ကိစ္စကို ပြုတ်တိုက်မိရင်လည်း ဘာအကျိုးမှမရှိတဲ့အပြင် ဒုက္ခတောင်ရောက်နိုင်တယ်။ အပင်အားလုံးက သဘာဝက လာတာပဲ … ဘယ်လိုလုပ်စားစား ကိုယ့်ကိုယ်ထဲမှာ ဘေးကင်းတာပဲ လို့ယူဆထားလို့မရဘူးလေ။ အဆိပ်ဆိုတာလည်း အရင်းစစ်ရင် သဘာဝကလာတဲ့ပစ္စည်းပဲ။ သည်တော့ ဒေါ်လေးတို့  အခုလို ဘာပင်ကဘာရောဂါအတွက်ကောင်းတယ် လို့ ကြားဖူးနားဝ မှတ်သားထားပြီး ကိုယ်သဘောနဲ့ကိုယ် ပြုတ်သောက်ကြိတ်သောက် လုပ်နေတာက လမ်းဘေးစပ်ဆေးဝယ်သောက်နေသလိုပဲ အန္တရာယ်များတယ်။ အဲ့ဒီ့ သံမနိုင်ကျောက်မနိုင်ပင်ရဲ့  ဘယ်အပိုင်းက ဆီးကောင်းစေတာလဲ… ဘယ်လောက်ပမာဏဆိုသင့်ပြီး ဘယ်လောက်ဆို အန္တရာယ်ရှိပြီလဲ ဒေါ်လေးသိလား။ မတော်လို့ သူ့ထည့်ရမယ့် ပမာဏကျော်ပြီး အဆိပ်ဖြစ်တတ်မယ့် ကိစ္စမျိုးဆို ဘယ့်နှယ့်လုပ်မှာတုန်း?”

အဲ့ကျမှ ရင်ဘတ်လေးဖိပြီး “ ကျွန်မ အဲ့လို တစ်ခါမှ မတွေးမိဖူးဘူး” တဲ့။

“ ကျွန်မတို့ အနောက်တိုင်းဆေးပညာလိုပဲ တိုင်းရင်းဆေးပညာ မှာလည်း တိုင်းရင်းဆေးပညာတက္ကသိုလ်တွေ သင်တန်းကျောင်းတွေ ဆိုပြီး ရှိတယ်။ တကယ့်ကျွမ်းကျင်လက်မှတ်ရ တိုင်းရင်းဆေးသမားတော်တွေရှိသလို လက်မှတ်မရှိ ရမ်းကုတွေ လည်းအများကြီးပဲ။ ဉာဏ်နဲ့ချိန်ပြီး ရွေးကုရတာပေါ့။ ဒေါ်လေးတို့ လက်ဖက်နဲ့ အကြော်တောင် ရွေးဝယ်တယ်မှတ်လား။ အခုလက်ဖက်ဆို မန်ကျည်းရွက်နုလေးတွေရောနှပ်တဲ့ မြင်းခြံလက်ဖက်မှ အကြော်ဆိုလည်း ဆီသန့်ပြီးကြွပ်ရွနေမှ။ အသက်နဲ့ဆိုင်တဲ့ကိစ္စကျမှ ဘယ်လိုဖြစ်လို့ ကြားဖူးနားဝကို လက်လွတ်စပယ် အလွယ်လိုက်ချင်နေတုန်း။ တိုင်းရင်းဆေးပြောင်းကုချင်ရင် နိုင်ငံတော်က တရားဝင်ဖွင့်ထားတဲ့ တိုင်းရင်းဆေးရုံ ရှိသားပဲ။ သဘာဝဆေးမှ သောက်ချင်ရင်လည်း သေချာ သုတေသနလုပ်ပြီး စမ်းသပ်စစ်ဆေး ထုတ်လုပ်ထားတဲ့ FAME တို့ဘာတို့ရှိတာပဲ။ ဒါတောင် အညွှန်းတိုင်းမဟုတ် ရမ်းသောက်နေရင် ဖြစ်ဖြစ် ရောဂါအခံနဲ့ မတည့်ရင်ဖြစ်ဖြစ် အာနိသင်မပြတာ ဥပဒ်ပေးတာမျိုး အနည်းနဲ့အများတော့ ရှိနေနိုင်သေးတာပဲ။ “

“ အို… ဘာမှပြုတ်မတိုက်ရဲတော့ပါဘူး။ အဆိပ်ဖြစ်နိုင်တယ်ဆိုတာ ခုမှသေချာတွေးမိသွားလို့။”

“ အမလေး။ ဘာရွက်မှန်းမသိ ပြုတ်သောက်ပြီး အသည်းထိသွားလို့ ဆေးရုံကို အသည်းအသန်လူနာအနေနဲ့ ရောက်လာတာတွေ ရှိတယ်နော်။ မယုံမရှိနဲ့။”

လက်ဖက်သုပ်လေးဝါးလိုက် ပြောလိုက်နဲ့ ကိုယ့်ဘက်ပါလာပြီတော့ မှတ်တာပဲ။

ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013