လူထုဒေါ်အမာ ၁၀၄ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲ မန္တလေးတွင် ကျင်းပ

ကွယ်လွန်သူ သတင်းစာဆရာမကြီး၊ စာရေးဆရာမကြီးရဲ့ လူထုဒေါ်အမာရဲ့ အသက် ၁၀၄ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲကို မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမာန်အင်းအနီးရှိတဲ့ တောင်လေးလုံးကျောင်းတိုက်မှာ နိုဝင်ဘာ ၂၉ ရက်က ကျင်းပပါတယ်။
မွေးနေ့အထိမ်းအမှတ်ပွဲကို ဆရာတော် သံဃာတော်တွေ၊ အနယ်နယ်အရပ်ရပ်က စာပေအနုပညာရှင်တွေနဲ့ လူထုဒေါ်အမာကို ချစ်မြတ်နိုးသူတွေ လာရောက်ခဲ့ ပါတယ်။ မွေးနေ့ကို အစဉ်အလာမပျက် နှစ်တိုင်းလုပ်သွားမယ်လို့ လူထုဒေါ်အမာရဲ့သားဖြစ်သူ ဆရာညီပုလေးက ပြောပါတယ်။
မွေးနေ့ အထိမ်းအမှတ်ပွဲမှာ လူထုဒေါ်အမာ ရေးသားခဲ့တဲ့ စာအုပ်တွေ အကြောင်း၊ လူထုဒေါ်အမာရဲ့ စိတ်ဓာတ်နဲ့ လုပ်ဆောင်ချက်တွေကို တက်ရောက်လာတဲ့ စာရေးဆရာ ကဗျာဆရာတွေက အမှတ်တရ စကားပြောကြားတာတွေနဲ့ ကဗျာရွတ်ဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။
အထက်မြန်မာနိုင်ငံရဲ့ စာပေအနုပညာနဲ့ နိုင်ငံရေးကို လူထုဒေါ်မာနဲ့ လူထု ဦးလှ တို့ကနေ လက်ဆင့်ကမ်းခဲ့တာဖြစ်တယ်လို့ စာရေးဆရာ မုံရွာအောင်ရှင် က ပြောပါတယ်။
သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာကို ၁၉၁၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ က မန္တလေးမြို့ ဂုန္တန်ရပ် မှာ အဖဦးထင်၊ အမိဒေါ်စုတို့ က မွေးဖွားခဲ့ပါတယ်။ လူထုဒေါ်အမာဟာ ၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက်နေ့က အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
နိုင်လင်းဦး











