DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဆန္ဒမဲများ အလေးထားပါ
DVB
·
November 29, 2019
ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဆန္ဒမဲများ အလေးထားပါ
Donate to DVB

မိမိတို့ဒေသအလိုက်၊ ရပ်ရွာအလိုက် ပတ်ဝန်းကျင်မှာ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေကို ရွှေ့ပြောင်းနေထိုင်သူတွေကို သတိပြုမိကြပါလိမ့်မယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပဖို့ရှိနေတဲ့ အထွေထွေရွေးကောက်ပွဲအတွက် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဆန္ဒမဲတွေအကြောင်း လေ့လာကြည့်ကြရအောင်ပါ။

ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ပြင်ဆင်နေချိန်၊ ဆန္ဒမဲပေးခွင့်ရှိသူတွေရဲ့ စာရင်းကို ကျေးရွာ၊ ရပ်ကွက်အလိုက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ခဲ့ချိန်မှာ သေဆုံးပြီးသူများ မဲစာရင်းမှာ ပါဝင်လာခြင်း၊ အသက်ရှင်ပြီး မဲပေးခွင့်ရှိသူများ(အသက် ၁၈နှစ်ပြည့်ပြီးသူ)များ မဲစာရင်းမှာ ပါဝင်မလားခြင်း စတဲ့ အမှားအယွင်းတွေ ရှိခဲ့ပါတယ်။ မှားလိုက် ပြင်လိုက်၊ ပြင်ရင်း မှားရင်းနဲ့ လုံးချာလည်ခဲ့ရတဲ့ အဖြစ်အပျက်ကို ကြုံဖူးသူများ မှတ်မိနေဦးမှာပါ။

မဲဆန္ဒရှင် ပြည်သူများအတွက် အခက်တကာ့ အခက်ဆုံးကိစ္စရပ်တခုကတော့ မိမိအပါအဝင် ကျေးလက်ဒေသမှ မြို့ကြီးပြကြီးက ရပ်ကွက်မှာ နေထိုင်ပြီး အလုပ်လုပ်ကိုင်လျက်ရှိတဲ့ ရွှေ့ပြောင်းနေသူတွေ့ရဲ့အဖြစ်ပါ။ မွေးရပ်ဒေသကို သွားရောက်ကာ ဆန္ဒမဲပြန်ပေးဖို့အတွက်ကလည်း အလုပ်ခွင့်နဲ့ သွားလာရေးအခက်အခဲတွေ ကြုံခဲ့ရပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးမှာ ဒီလိုဖြစ်ရပ်တွေ ကြုံတွေ့ရပါဦးမလားဆိုတာက သံသယဖြစ်စရာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ အတည်ပြုချက်အရတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မြန်မာတနိုင်ငံလုံးမှာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၇ သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ထပ်မံတိုးလာဖို့ရှိတဲ့ အရေအတွက်ကလည်း ၃သန်းခန့် ရှိနေတဲ့အတွက် စုစုပေါင်း မဲဆန္ဒရှင်အရေအတွက် ၄၀ သန်းခန့် ရှိလာနိုင်ပါတယ်။

ဆိုတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေသူတွေဟာလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ယှဉ်ရင် သန်းချီကာ ရှိနေပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဆိုရင် ၁ ဒသမ ၂ သန်းကျော်ရှိပါတယ်။

ဒီလို သန်းနဲ့ချီရှိနေတဲ့ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေဟာ ခရိုင်အလိုက် နှိုင်းယှဉ်ကြည့်ပါက ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း နှစ်သိန်းအထိ ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီးရှိ အနောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ မြောက်ပိုင်းခရိုင်တို့မှာရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူအရေအတွက်ထက်ပင် ပိုမိုများပြားနေတာကို တွေ့ရပါတယ်။ ဖော်ပြပါ အင်ဖိုဂရပ်ကို လေ့လာကြည့်နိုင်ပါတယ်။


မြဝတီနဲ့ တာချီလိတ်ခရိုင်တွေဟာ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ အများဆုံးခရိုင်များအဖြစ်ရပ် တည်နေပေမယ့် သူတို့တွေဟာ အဆိုပါဒေသအတွင်းမှာ ရှိနေပါ့မလားဆိုတာကတော့ မေးခွန်းထုတ်စရာပါ။ ဒီအချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နေနဲ့ အလေးအနက် သတိပြုသင့်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ရွှေ့ပြောင်းနေထိုင်သူများစာရင်းကို လေ့လာကြည့်ရင်တော့ ရန်ကုန်၊ ကရင်နဲ့ ရှမ်းပြည်နယ်တို့ဟာ ရွှေ့ပြောင်းနေထိုင်သူ အများဆုံးဒေသများအဖြစ်ရှိနေပြီး ဧရာဝတီ၊ မကွေး၊ ပဲခူးနဲ့ ရခိုင်ပြည်နယ်တို့ဟာ ရွှေ့ပြောင်းထွက်ခွာသူ အများဆုံးဒေသများအဖြစ် ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှိရဲ့ ထုတ်ပြန်ချက်တခုရှိခဲ့ပါတယ်။ အဲဒါကတော့ ၎င်းတို့နေထိုင်ရာ အရပ်ဒေသမှာ ရက်ပေါင်း (၉၀) နေထိုင်ကြောင်း အထောက်အထားရှိပါက ၎င်းအရပ်ဒေသမှာ ဆန္ဒမဲပေးနိုင်မယ်ဆိုတဲ့ အချက်ပါ။ ဒီကြေငြာချက်အတွက် နိုင်ငံရေးပါတီများအလိုက် ဝေဖန်မှုရော၊ ထောက်ခံမှုများပါ ရှိနေခဲ့ပါတယ်။

စိတ်ဝင်စားဖို့ ကောင်းတာကတော့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ၎င်းအရပ်ဒေသမှာ နေထိုင်ကြောင်း ဘယ်လိုအတည်ပြုပေးမလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်ဟာ တိကျသေချာမှုမရှိပါက ပြီးခဲ့တဲ့ ရွေးကောက်ပွဲဖြစ်စဉ်များနည်းတူ မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်မှုကို မေးခွန်းထုတ်လာနိုင်ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေက်ထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရကြပါစေကြောင်း ဆန္ဒပြုအပ်ပါတယ်။
နှင်းကို

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013