ဂန့်ဂေါမြို့နယ်၌ ရန်ပုံငွေအခက်အခဲကြောင့် ကြိုးတံတားအစား မြစ်ကူးဝါးတံတားဆောက်လုပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ဘော်ပြင်းကျေးရွာမှာ ပွင့်လင်းရာသီသုံး မြစ်သာ မြစ်ကူးဝါးတံတား တစင်းကို ဒေသခံတွေက စုပေါင်းတည်ဆောက်နေပါတယ်။
ဝါးတံတားကိုတော့ ကျေးရွာပြည်သူလူထု ၁၀၀ ကျော်က ၃ ရက်ကြာ အချိန်ယူ တည်ဆောက်ရတာဖြစ်ပါတယ်။ ဒီတံတားက မြစ်သာမြစ်ကိုဖြတ်ပြီး ဘော်ပြင်း၊ ရွှေတောင်၊ ရှဉ်းရှည် စတဲ့ကျေးရွာတွေကနေ ကန်၊ ကန်သာ၊ ကျွန်းခုံသာစတဲ့ ကျေးရွာတွေကို ဆက်သွယ်တဲ့ တံတားလည်းဖြစ်ပါတယ်။
မြစ်ကူးကြိုးတံတားတစ်စင်းကို ကိုယ်ထူကိုယ်ထ အဖြစ် လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက စတင်တည်ဆောက်ခဲ့ပေမယ့် ငွေကြေးအခက်အခဲကြောင့် ဆက်လက်မဆောက်နိုင်ဘဲ ရပ်နားထားရတာဖြစ်ပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှုး ဦးစာမောင်က "ဒီနှစ်တော့ ကြိုးတံတားဆောက်ဖို့ တိုင်းအစိုးရကလည်း ကျပ်သိန်း ၅၀ ထောက်ပံ့တယ်။ ရွာက လူထုထည့်ဝင်ငွေရော ဘေးရွာတွေကကော အလှူခံပြီးရင် လပိုင်းအတွင်း အပြီးတည်ဆောက်သွားမယ်။ လောလောဆယ်တော့ စတီးကြိုးဝယ်ဖို့ ငွေလိုနေတာပေါ့။ တိုင်တွေကတော့ ဒေသတွင်းကထွက်တဲ့ ပျဉ်းကတိုးသစ်တွေကို ဝယ်ပြီး ကမ်း နှစ်ဖက်လုံးမှာ စိုက်ထူထားပြီးပြီ။"လို့ ပြောပါတယ်။
ကြိုးတံတားအတွက် အရင်က သံကြိုးဝယ်ခဲ့ပေမယ့် လက်ရှိမှာ အသုံးပြုလို့ အဆင်မပြေ တော့တာကြောင့် စတီးကြိုးအသစ် ထပ်မံဝယ်ယူရမှာဖြစ်ပါတယ်။ ကြိုးတံတားဆောက်မယ့် နေရာက မြစ်သာမြစ်ရဲ့ မြစ်ပြင်အကျယ် ပေ ၈၀၀ ဝန်းကျင်ရှိပါတယ်။
ယာယီဝါးတံတားကတော့ ၄ ပေခန့်အကျယ်ရှိကာ ပေ ၃၀၀ ကျော်ရှည်ပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ရောင်းဝယ်ရေးကိစ္စတွေမှာ တဖက်ရွာကို မှီခိုနေရတာဖြစ်လို့ ရာသီမရွေးသွားလာနိုင်တဲ့ တံတားတစ်စင်းကလည်း လိုအပ်နေတာပါ။ ကြိုးတံတာ းတည်ဆောက်ဖို့ နေရာ နှစ်နေရာ ပြင်ဆင်ထားပြီး ဒုတိယနေရာက လူတစုက တာဝန်ယူဆောင်ရွက်နေတာပါ။
လက်ရှိမှာ ဆက်လက်လုပ်ဆောင်တာလည်းမရှိတာကြောင့် ကျေးရွာပြည်သူတွေက ကိုယ်ထူကိုယ်ထ ကြိုးတံတားအဟောင်းကိုသာ အမြန်ဆုံးတည်ဆောက်ကြဖို့ ဆုံးဖြတ်ပြီး အကောင်အထည်ဖော်တာလည်းဖြစ်ပါတယ်။
အခုလို ရာသီပေါ် ဝါးတံတားတွေကို ဂန့်ဂေါမြို့နယ်အတွင်း ဘော်ပြင်းကျေးရွာတင်မက မြစ်သာမြစ်တလျောက်မှာ ၁၀ ခုထက်မနည်းရှိပြီး ကြိုးတံတားအနေနဲ့ ၃ စင်း၊ မြစ်ကူးတံတားကြီး ၃ စင်းရှိပါတယ်။ အခုဆောက်လုပ်တဲ့ ဝါးတံတားက ကျပ် ၃ သိန်းလောက်ကုန်ကျပြီး မိုးရာသီမြစ်ရေကြီးရင် ရေထဲမျောပါပျက်စီးသွားနိုင်ပါတယ်။
မြစ်ကူးဖို့အတွက် ဝါးတံတားတွေကို ရေနည်းချိန်ရောက်တိုင်း နှစ်စဉ်တည်ဆောက်လာတာ နှစ်ပေါင်းရာနဲ့ချီရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။











