အီရန်နိုင်ငံဟာ စစ်ရေးအရ ရှုံးနိမ့်သွားပြီ ဆိုတဲ့အချက်ကို လက်မခံဘူးဆိုရင် သမ္မတ ဒေါ်နယ် ထရမ့်ပ်က အီရန်ကို အရင်ကထက် ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်းန် လဲဗစ်ထ်က မတ် ၂၅ ရက်မှာ ပြောပါတယ်။
လဲဗစ်ထ်က “သမ္မတ ထရမ့်ပ်က ဟန်ပြ ခြိမ်းခြောက်တတ်သူမျိုး မဟုတ်ပါဘူး။ သူဟာ အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေလုပ်ဖို့ အဆင်သင့်ပါပဲ။ အီရန်အနေနဲ့ ထပ်ပြီး အတွက်မမှားသင့်တော့ဘူး” လို့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
အခုလက်ရှိ အခြေအနေမှန်ကို အီရန်က လက်မခံဘူးဆိုရင်၊ သူတို့ စစ်ရေးအရ ရှုံးနိမ့်နေပြီ ဆိုတာကို နားမလည်ဘူး ဆိုရင်တော့ သမ္မတ ထရမ့်ပ် ကလည်း အရင်ကထက် ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားလိမ့်မယ်လို့လည်း ထပ်လောင်း သတိပေးခဲ့ပါတယ်။
လက်ရှိမှာ အမေရိကန်-အစ္စရေး ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်နေတဲ့ စစ်ပွဲဟာ ၄ ပတ်မြောက်ထဲ ဝင်ရောက်လာချိန်မှာ ပါကစ္စတန်၊ တူရကီနဲ့ အီဂျစ်တို့လို နိုင်ငံတွေကလည်း ကြားဝင်ညှိနှိုင်းဖို့ ကြိုးပမ်းနေကြပါတယ်။
အီရန်ဘက်ကတော့ အမေရိကန်ရဲ့ စစ်ပွဲအဆုံးသတ်ရေး အဆိုပြုချက်ကို အစပိုင်းမှာ ငြင်းဆိုခဲ့ပေမဲ့ အခုချိန်အထိတော့ လုံးဝပယ်ချလိုက်တာမျိုး မရှိသေးဘဲ ဆက်လက်သုံးသပ်နေဆဲဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ အီရန်အရာရှိတယောက်က ရိုက်တာကို ပြောပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ လဲဗစ်ထ်က “အီရန်နဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေပြီး သမ္မတပြောသလိုပဲ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ်နေပါတယ်” လို့ ဆိုပါတယ်။
ဝါရှင်တန်က အချက် ၁၅ ချက်ပါတဲ့ အစီအစဉ်ကို ပေးပို့ထားတယ်လို့ မီဒီယာတချို့က သတင်းထုတ်ပြန်ခဲ့ပေမဲ့ အချက်အလက်အားလုံးကတော့ တိကျမှုမရှိဘူးလို့လည်း လဲဗစ်ထ်က ပြောပါတယ်။
ဒါ့အပြင် ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သင်္ဘောတွေ ပြန်လည်ဖြတ်သန်းနိုင်ဖို့ စောင့်ကြည့်နေပြီး ရေနံစျေးနှုန်း တည်ငြိမ်ဖို့အတွက်လည်း နည်းလမ်းအသစ်တွေနဲ့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အချိန်ဇယား အတိအကျကိုတော့ မပြောသွားပါဘူး။
ဒုသမ္မတ ဂျေဒီဗန့်စ်ဟာ အီရန်အရေး ဆွေးနွေးမှုတွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပြီးတော့ သူနဲ့ပတ်သက်ပြီး တခြားထွက်ပေါ်နေတဲ့ သတင်းမှားတွေကိုလည်း ငြင်းဆိုခဲ့ပါတယ်။
ဒီအစီအစဉ်နဲ့ပတ်သက်တဲ့ သတင်းတွေ ထွက်လာပြီးနောက် ဗုဒ္ဓဟူးနေ့မှာ ရေနံဈေးနှုန်းတွေ ပြန်ကျဆင်းသွားပြီး ကမ္ဘာ့စတော့ရှယ်ယာဈေးကွက်တွေ အနည်းငယ် ပြန်တက်လာပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေကတော့ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှုကို ထိခိုက်စေပြီး ငွေကြေးဖောင်းပွမှု စိုးရိမ်မှုတွေကို မြင့်တက်စေခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ မျှော်လင့်နေကြပါတယ်။
Source: Reuters










