တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်များအတွက် ရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၁၅၀ တိုးပေး

တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲဆန္ဒနယ်ဟာ တိုင်းဒေသကြီး တစ်ခုလုံး၊ ပြည်နယ်တစ်ခုလုံးဖြစ်တဲ့အတွက် ရွေးကောက်ပွဲအသုံးစရိတ်ကို ကျပ်သိန်း ၁၅၀ တိုးမြှင့်ပေးထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။
နိုဝင်ဘာလ၂၇ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာပြုလုပ်တဲ့ အပတ်စဉ်သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောတာပါ။
အခုလို တိုးမြှင့်ဖို့ ပါတီအသီးသီးရဲ့ တင်ပြချက်တွေအပေါ် ဆွေးနွေးညှိနှိုင်းပြီးမှာ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
"တချို့ကလည်းပဲ အသုံးစရိတ်နည်းတယ်၊ တချို့ပါတီတွေကလည်း တိုး ပေးလိုက်လို့ရှိရင် ငွေကြေးမပြည့်စုံတဲ့ ပါတီတွေအတွက်ကျတော့လည်း အခက်ခဲဖြစ်သွားနိုင်တယ်ဆိုပြီး ဒီလို တင်ပြချက်တွေအပေါ်မှာ ညှိနှိုင်းပြီး အခုတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ သိန်း ၁၀၀ ပဲထားပြီး တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ်ကတော့ တိုင်းဒေသကြီးတခုလုံး မဲဆန္ဒနယ်ဖြစ်တဲ့ အတွက်၊ ပြည်နယ်တခုလုံး မဲဆန္ဒနယ်ဖြစ်တဲ့အတွက်ကြောင့် သူကတော့ ကျယ်ပြန့်လွန်းတယ် ဆိုတော့ သူကို ကျပ် သိန်း ၁၅၀ တိုးမြှင့်ထားပါတယ် " လို့ ဦးမြင့်နိုင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ မှတ်ပုံတင်ထားတဲ့ ပါတီ ၉၆ ပါတီ၊ ယာယီရပ်ဆိုင်းထားတဲ့ ပါတီ ၃ ပါတီ၊ ပါတီ တည်ထောင်ခွင့် စိစစ်ဆဲ ၃ ပါတီ၊ မှတ်ပုံတင်ခွင့် စိစစ်ဆဲ ၂ ပါတီရှိပြီး ပါတီမှတ်ပုံတင်ခွင့်တွေကို ဒီဇင်ဘာလ ကုန်ထိ သတ်မှတ်ထားတယ်ပါတယ်။











