
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်မှာ မနေ့က အသက် ၄၀ အရွယ် ဂျာမနီနိုင်ငံသား အမျိုးသား တဦး မိုင်းနင်းမိပြီး သေဆုံးသွား ပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့က ပလောင်ကိုယ်ပိုင်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်နဲ့ သီပေါမြို့နယ် အစပ် ပန်ညောင်ကျေးရွာကနေ ကွန်ဟောက်ရွာကျေးရွာကို သွားတဲ့ လမ်းကြားမှာ ဂျာမန်နိုင်ငံသား Mr GEIBLER နဲ့ အသက် ၃၉ နှစ်အရွယ် အာဂျင်တီးနားနိုင်ငံသူ Mrs Plombo maria del carmem တို့ဟာ လမ်းဘေး ဓာတ်ပုံဆင်းရိုက်စဉ် Mr GEIBLER ဟာ မိုင်းနင်းမိပြီး သေဆုံးခဲ့တာပါ။
“သူတို့နှစ်ယောက်ဟာ တိုးဂိုက်မခေါ်ဘဲ ဆိုင်ကယ်တစ်စီးနဲ့သွားခဲ့ကာ လမ်းမှာ ဓာတ်ပုံ ဆင်းရိုက်တုန်း လမ်းဘေးမှာ မိုင်းနင်းမိတာဖြစ်ပါတယ်။ အမျိုးသမီးမှာ ဒဏ်ရာမရခဲ့ပါဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
မိုင်းနင်းမိတဲ့ နေရာဟာ ကန့်သတ်နယ်မြေဖြစ်ပြီး အဲ့ဒီနယ်မြေမှာ စစ်ရေးလှုပ်ရှား မှုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ကင်းစခန်းတွေရှိနေပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် လူတွေထိခိုက်သေဆုံးမှု အများနိုင်ငံ ၁၀ နိုင်ငံထဲမှာ တနိုင်အဖြစ် သတ်မှတ်ခံထားရပါတယ်။











