DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် စပါးစိုက်တောင်သူများ လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရ
DVB
·
November 27, 2019
ကရင်ပြည်နယ်တွင် စပါးစိုက်တောင်သူများ လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရ
Donate to DVB

ကရင်ပြည်နယ်အတွင်းက စပါးစိုက်တောင်သူတွေအနေနဲ့ လုပ်သားရှားပါးမှုတွေကြောင့် လယ်ဟာ လုပ်ငန်းခွင်တွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံလယ်သမားတွေက ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံအများစုဟာ အလုပ်အကိုင်ရှားပါးမှုနဲ့ လုပ်အားခဝင်ငွေကွာဟမှုကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်တာတွေရှိနေတာပါ။ ဒါကြောင့် လယ်ယာလုပ်ငန်းမှာ ရွေ့ပြောင်းလာရောက် အလုပ်လုပ်ကိုင်သူတွေကို ငှားရမ်းလုပ်ကိုင်နေရပေမယ့် လုပ်သားရှားပါးမှု ကြုံတွေ့နေရပါတယ်။

လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကုန်းကျေးရွာ၊ ဦးစောပေါ်လင်းက “လူ ခေါ်ရခက်တယ်။ အလျင် မမီတော့ဘူး။ ခေါ်ရတာ မနက်ဖြန်၊ သဘက်ခါ မပြီးနိုင်တော့ဘူး။ ပိုက်ဆံရှိတဲ့လူတွေကြတော့ မိုးရွာတဲ့အချိန် စပါးစိုက်ချိန် အားနေတဲ့ ရာဘာခြံလုပ်သား ခေါ်ရတာပေါ့” လို့ ပြောပါတယ်။

ကော့ကရိတ်ခရိုင်၊ ဦးစီးမှူး ဒေါ်နော်သူးလေထီး က “ကောက်စိုက်စက်နဲ့ စနစ်တကျ စိုက်မယ်ဆိုရင် လုပ်သားရှားပါးတာကို ကာကွယ်နိုင်ပါတယ်။ အဓိက ကတော့ လုပ်သားရှားပါး လာပြီ။ ကောက်စိုက်စက် အငယ်လေးဖြစ်စေ၊ စက်အကြီးနဲ့ဖြစ်စေ ပြောင်းလဲစိုက်ပျိုးဖို့ လိုအပ်လာပါပြီ”လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးမြေဧက ၄ သိန်းကျော်ရှိပြီး ဆင်းသုခ၊ မနောပျက်၊ ပုလဲသွယ်၊ ရက် ၉၀ မျိုးစပါးအပြင် ဒေသနဲ့ကိုက်ညီပြီး ရာသီဥတုဒဏ်ခံနိုင်တဲ့ SRI စိုက်ပျိုး နည်းစနစ်ကို ပြောင်းလဲစိုက်ပျိုးရာမှာ ရေနဲ့လုပ်သားရှားပါးတဲ့ အခက်အခဲတွေက နှစ်စဉ် ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက ဆိုပါတယ်။

နှစ်စဉ်စပါးစိုက်ပျိုးရာသီမှာ လုပ်သားရှားပါးမှုနဲ့ ရာသီဥတုဖောက်ပြန်တာတွေေကြောင့် လယ်လုပ်ကိုင်တဲ့တောင်သူတွေ နည်းပါးလာမှာကို စိုးရိမ်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကော့ကရိတ်မြို့၊ ‌ရေပူကျေးရွာ မနန်းမြင့်အုန်း က “အလုပ်အကိုင် ရှိစေချင်တယ်။ နောက်ပြီး တောင်သူလယ်သမားတွေအတွက်လည်း အဆင်ပြေစေချင်တယ်။ လယ်သမားမရှိတော့ဘူးဆိုရင် ကိုယ်စားရမယ် ဆန်တွေ၊ စပါးတွေ နည်းလာမယ်။ အခု ပြောရမယ်ဆိုရင် လယ်သမားတွေက နည်းလာပြီ”လို့ ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ကျီးပင်ပေါက် တောကျေးရွာ၊ ကိုကျော်နိုင်ဦး က“အရင်တုန်းက လယ်လုပ်စားတယ်။ မိသားစုအတွက် အဆင်ပြေအောင် လုပ်ကိုင်စားသောက်နေရင်း အဆင်မပြေမှု တွေ များလာတယ်။ အဲဒါကြောင့် အဆင်ပြေမလားဆိုပြီး အလုပ်ပြောင်းစနစ်နဲ့ ပြည်ပကို ထွက်ခွာသွားတဲ့ သဘောပါ”လို့ ပြောပါတယ်။

၂၀၁၉  ဇန်နဝါရီလမှ ဇွန်လကုန်အထိ ထိုင်းနိုင်ငံကို တရားဝင်သွားရောက် အလုပ်လုပ်ကိုင်သူ ၈၀၀၀ ကျော်ရှိပြီး သွားရောက်သူအများစုမှာ အမျိုးသမီးအများစု​ဖြစ်ပြီး အသက်၂၀ မှ အသက် ၄၀ နှစ်ဝန်းကျင်တွေ သွားရောက်ကြတယ်လို့ မြဝတီမြို့၊ အလုပ်သမား ညွန်ကြားမှူး ဦးစီးဌာနရုံး၊ တာဝန်ရှိသူက ပြောပါတယ်။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013