နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ ဖွဲ့စည်း

နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ ကိစ္စတွေ ဖြေရှင်းဆောင်ရွက်နိုင်ရန်ဖို့ နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ ဖွဲ့စည်းကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက နိုဝင်ဘာ ၂၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
နိုင်ငံတော်သမ္မတရုံးအနေနဲ့ နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ ကိစ္စတွေ ဖြေရှင်းဆောင်ရွက်နိုင်ဖို့၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ သက်ဆိုင်ရာဝန်ကြီး ဌာနတွေထံ ဥပဒေအကြောင်းအရ အကြံပြုနိုင်ဖို့အတွက် နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေး ဆိုင်ရာ အထူးအဖွဲ့ (Special Unit on International Criminal Justice ) ကို ဖွဲ့စည်းပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါအဖွဲ့ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦးဆောင်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနဲ့ စစ်ဥပဒေချုပ်ရုံးတို့မှ ဥပဒေပညာရှင်တွေနဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဂမ်ဘီဘာနိုင်ငံကစွဲထားတဲ့အမှုနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ တရားရင်ဆိုင်ရဖို့ရှိနေချိန်မှာ သမ္မတရုံးက ခုလို နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ ဖွဲ့စည်း လိုက်တာ ဖြစ်ပါတယ်။











