ရှမ်းနီတိုင်းရင်းသား ရိုးရာနှစ်သစ်ကူးပွဲတော် ဖောင်းပြင်မြို့နယ်တွင် ကျင်းပ

ရှမ်းနီနှစ်သစ် ၂၁၁၃ ခုနှစ်ကနေ ၂၁၁၄ ခုနှစ်ကို ကူးပြောင်းတဲ့ ရှမ်းနီတိုင်းရင်းသားတွေရဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ဖောင်းပြင်မြို့နယ်၊ ထောမကုန်းကျေးရွာမှာ စည်စည်ကားကား ကျင်းပခဲ့ပါတယ်။
စစ်ကိုင်းတိုင်းလုံးဆိုင်ရာ ရှမ်းနီနှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်နေ့ထိ ကျင်းပခဲ့ပြီး ၂၆ ရက်နေ့ညမှာတော့ နှစ်သစ်ကူးပွဲတော်ကို ကျင်းပခဲ့တာပါ။
နှစ်သစ်ကူးပွဲတော်ကို စစ်ကိုင်းတိုင်းအတွင်းက တမူး၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး၊ ပင်လည်ဘူး၊ ဗန်းမောက်စတဲ့မြို့နယ်တွေက ရှမ်းနီလူမျိုးတွေအပြင် ကချင်ပြည်နယ်အတွင်းက ရှမ်းနီလူမျိုးတွေလည်း လာရောက်ခဲ့ကြပြီး မြို့နယ်အသီးသီးက စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေ ကလည်း ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေတင်ဆက်ကပြခဲ့ကြပါတယ်။
နှစ်သစ်ကူးပွဲကို စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းမွှေးမွှေးခင်နဲ့ ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေ၊ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပြီး မီးရှုးမီးပန်းတွေ ပစ်ဖောက်ကာ နှစ်သစ်ကူးကို ကြိုဆိုခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းဒေသလုံးဆိုင်ရာ ရှမ်းနီတိုင်းရင်းသားနှစ်သစ်ကူးပွဲတော်ကို ဟုမ္မလင်းမြို့မှာ ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီး တမူးမြို့၊ ခန္တီးမြို့တို့မှာလည်း အလှည့်ကျ ကျင်းပခဲ့ကာ အခုနှစ်ကိုတော့ ဖောင်းပြင်မြို့နယ် ထောမကျေးရွာမှာ စတုတ္ထအကြိမ်အဖြစ် ကျင်းပတာလည်း ဖြစ်ပါတယ်။











