
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ မြန်မာ့စီးပွားရေးဘဏ်ကနေ မျက်နှာဖုံးစွပ်ထားတဲ့ လူ ၂ ဦးက နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီလောက်မှာ ငွေကျပ်သိန်း ၂၀၀၀ ကျော်လုယက်သွား ပါတယ်။
မြန်မာ့စီးပွားရေးဘဏ်က တာဝန်ရှိသူတွေအပါအဝင် ၄ ယောက်ဟာ ဘဏ်ပိတ်ချိန် ပုံမှန်ဆောင်ရွက်နေတဲ့အတိုင်း ကျောက်တော်မြို့ မြန်မာ့စီးပွားရေးဘဏ်နဲ့ တဖာလုံလောက်ဝေးတဲ့ ကျောက်တော်မြို့မရဲစခန်းထံသို့ ငွေသေတ္တာနှစ်လုံးကို ဆိုက္ကားနဲ့ သယ်ယူပို့ဆောင်စဉ်မှာ မျက်နှာဖုံးစွပ်ထားသူ ၂ ဦးက တိုက်ခိုက်လုယူခဲ့တာလို့ အမည်မဖော်သူ အစိုးရအရာရှိ တဦးက ဒီဗွီဘီကိုပြောပါတယ်။
ကျောက်တော် အထွေထွေအုပ်ချုပ်ရေးရုံးရှေ့မှာ အနက်ရောင်မျက်နှာဖုံးစွပ်ထားတဲ့ လူနှစ်ယောက်ဟာ ဆိုင်ကယ်တစီးနဲ့ရောက်ရှိလာပြီး ဘဏ်တာဝန်ရှိသူတယောက်ကို လက်သီးနဲ့ ထိုးကြိတ်ရိုက်နှက်ကာ အဲ့ဒီငွေတွေကို သုံးဘီးဆိုင်ကယ်နဲ့ တင်ဆောင်ထွက်ပြေးသွားတာလို့ အဲ့ဒီအစိုးရအရာရှိက ဆက်လက်ပြောပါတယ်။
မြန်မာ့စီးပွားရေဘဏ်က တာဝန်ရှိသူအပါအဝင် ၄ ယောက်ဟာ အဲ့ဒီငွေတွေကို သေတ္တာနှစ်လုံးမှာထည့်ယူလာပြီး လုံခြုံရေးအစောင့်အရှောက်မပါဘဲ ပုံမှန်သွားနေအတိုင်း ဆိုက္ကား နဲ့တင်ပြီး သယ်ဆောင်လာတာ ဖြစ်ပါတယ်။
ဒီငွေတွေကို ကျောက်တော်မြို့မရဲစခန်းမှာရှိတဲ့ ဘဏ်ငွေတိုက်မှာ နေ့စဉ် သွားရောက် အပ်နှံနေရတာလို့လည်း သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ကျောက်တော်မြို့မရဲစခန်းကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိပါဘူး။ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယရဲမှူးကြီး မောင်မောင်စိုးက မြန်မာ့စီးပွားရေးဘဏ်က ငွေများလုခံရတာမှန်ကန်ပြီး အမှုဖွင့်ဆောင်ရွက်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။











