အမျိုးသမီးဟာသ သရုပ်ဆောင် ကစ်ကစ် ကွယ်လွန်

ဆီးချိုနဲ့ ကျောက်ကပ်ရောဂါခံစားနေရပြီး အချိန်ကာလအတန်ကြာ ဆေးကုသမှုခံယူနေခဲ့ရတဲ့ အမျိုးသမီး ဟာသသရုပ်ဆောင် ကစ်ကစ်ဟာ နိုဝင်ဘာ ၂၆ ရက် မနက်က ကွယ်လွန်သွားပါတယ်။
ရုပ်ရှင်နဲ့ ဗွီဒီယိုဇာတ်ကားပေါင်းများစွာမှာ ဟာသဇာတ်ပို့ကျရာအခန်းကဏ္ဍကနေ ပါဝင်သရုပ် ဆောင်ခဲ့တဲ့ ကစ်ကစ်ဟာ ရန်ကုန်မြို့၊ ကုတင်(၅၀၀)အထူးကုဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၄၈ နှစ်အရွယ် ရှိပြီဖြစ်ပါတယ်။
ကစ်ကစ်ရဲ့ ရုပ်အလောင်းကိုတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားတွေ ဖြစ်ကြတဲ့ သရုပ်ဆောင် ထွန်းကိုကိုနဲ့ ရွှေပိုးအိမ်တို့က နိဗ္ဗာန်ယာဉ်မောင်းပြီး ရေဝေးသုဿာန် အအေးခန်းဆီ ကုသိုလ်ယူ ပို့ဆောင်ပေးခဲ့ကြပြီး ဈာပနအခမ်းအနားကိုတော့ နိုဝင်ဘာ ၂၈ ရက်နေ့ နေ့လည် ၂ နာရီမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။











