ဖမ်းဆီးခံထားသည့် ဆောက်လုပ်ရေးဝန်ထမ်းများကို ပြန်လွှတ်ပေးရန် ဒုဝန်ကြီးတောင်းဆို

ရခိုင်ပြည်နယ်မှာ အေအေတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံထားရတဲ့ ဆောက်လုပ်ရေးဝန်ထမ်းတွေ ပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းပေးဖို့ နိုဝင်ဘာ ၂၅ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တောင်းဆိုလိုက်ပါတယ်။
ပေါက်တောမဲဆန္ဒနယ်က ဦးအောင်ကျော်ဇံမေးမြန်းတဲ့ ကစ္စပနဒီ(ကုလားတန်)မြစ်ကူး တံတားကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကစတင်ပြီး ဆောင်ရွက်ဖို့ စီစဉ်ထားပေမယ့်လည်း အခုထိ မဆောက်လုပ်နိုင်တာကို သိလိုကြောင်း မေးခွန်းကို ဖြေဆိုတာမှာ အခုလို ထည့်သွင်းတင်ပြခဲ့တာ ဖြစ်ပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းပန်းဆက်သွယ်ရေး တွေ အရေးကြီးတဲ့အတွက် ကြိုးစားပြီးဆောင်ရွက်နေတယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။
"ဘယ်လိုပဲ စိန်ခေါ်မှုတွေ၊ အန္တရာယ်တွေပဲရှိရှိ နေ့စဉ်နဲ့အမျှ ဝန်ထမ်းတွေကို မက်လုံး (incentive) အနေနဲ့ အဲ တာဝန်တွေပြီးတဲ့အခါမှာ ကြိုက်တဲ့နေရာကို ပြောင်းပေးမယ်ဆိုပြီး တာဝန် ပေးနေလို့ ဒီနေ့ဒီအချိန်အခါမှာ ရာမောင်တံတားကြီးတည်ဆောက်တဲ့အခါမှာ ဝန်ထမ်းတွေနဲ့ တည်ဆောက်နေသလို မြောက်ဦးမှာလည်း ၁၈ ပေ ကွန်ကရစ်လမ်းတွေ တည်ဆောက်နေတာ ရှိပါတယ် " လို့ ဦးကျော်လင်းက ပြောပါတယ်။
ဒီလိုဆောင်ရွက်တဲ့နေရာမှာ ၂၀၁၉ ဇန်နဝါရီလ ၁၇ ရက်က ရသေ့တောင်- ဘူးသီးတောင်အနီးမှာ တံတားဆောက်နေတဲ့ ကျွမ်းကျင်လုပ်သား တင်မင်းထိုက်ဟာ ဖမ်းဆီးခံရသလို အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေနဒီရေယာဉ်ပေါ်က ဖမ်းဆီးခံရတဲ့အထဲမှာ တံတားအင်ဂျင်နီယာ ကျော်ဇင်ထွန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဒီနေ့ထိ မလွတ်သေးလို့ ဆိုပါတယ်။
"ကျော်ဇင်ထွန်းဆိုလို့ရှိရင် အမေအိုကြီးကို လုပ်ကိုင်ကျွေးမွေးနေတာဖြစ်ပြီးတော့ ၃ နှစ် အရွယ်ကလေးကျန်နေသေးတော့ နေ့စဉ်နဲ့အမျှ သူ့အဖေ ဘယ်တော့ပြန်လာမှာလဲဆိုတဲ့ မေးခွန်းမျိုး ကို မေးနေတာဖြစ်ပါတယ်။ မိခင်ကြီးဆိုလို့ရှိရင်လည်း ဖုန်းလာရင် သူ့သားများ ဆက်နေသလား ဆိုပြီး နေ့တိုင်းလိုလို ဒီလိုမျိုးသောကတွေနဲ့ ဖြစ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်အနေနဲ့ တင်ပြလိုတာက ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုပဲ စိန်ခေါ်မှုတွေ၊ အန္တရာယ်တွေပဲရှိရှိ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားပါ့မယ်၊ ကြိုးပမ်းဆောင်ရွက်ပါ့မယ်၊ ဒီလမ်းတံတားတွေ အောင်မြင်ဖို့လည်း ဆောင်ရွက်ပါ့မယ်။ ခုနပြောတဲ့ ကျော်ဇင်ထွန်းတို့လို၊ တင်မင်းထိုက်တို့လို အင်ဂျင်နီယာတွေဆိုတာကလည်း ကျောင်းဆင်းလိုက်တာနဲ့ ချက်ချင်းတံတားအင်ဂျင်နီယာဆိုပြီး အစားထိုးလို့ မရပါဘူး။ သူတို့ကို နှစ်ပေါင်းများစွာ လေ့ကျင့်ပေးမှ တံတားအင်ဂျင်နီယာ တယောက်ဖြစ်တဲအတွက် သူတို့တွေ လွတ်မြောက်ရေးအတွက်ကိုလည်း ဝိုင်းဝန်းကြိုးပမ်းပေးဖို့ တင်ပြအပ်ပါတယ် " လို့ ဒုတိယ ဝန်ကြီးက ပြောပါတယ်။
ဒီကုလားတန်မြစ်ကူးတံတား တည်ဆောက်ရေးအတွက်ကိုလည်း နိုင်ငံခြားအကူအညီတွေ မရခဲ့ရင် ၂၀၂၁ ဘဏ္ဍာနှစ်နောက်ပိုင်းကာလတွေမှာ နိုင်ငံတော်ဘတ်ဂျက်နဲ့ တင်ပြတည်ဆောက် သွားမယ်လို့ လည်း ဒုတိယ ဝန်ကြီးက လွှတ်တော်မှာ ပြောသွားပါတယ်။











