DVB Logo
Home
မေးမြန်းခန်း
သားငါးတွေမှာ ဆိုးဆေးအသုံးပြုမှု အန္တရာယ်နှင့်ပတ်သက်ပြီး မေးမြန်းချက်
DVB
·
January 28, 2013
သားငါးတွေမှာ ဆိုးဆေးအသုံးပြုမှု အန္တရာယ်နှင့်ပတ်သက်ပြီး မေးမြန်းချက်
1 / 2
Donate to DVB

ရန်ကုန်မြို့က ဈေးတွေမှာ ရောင်းချနေတဲ့ သားငါးတချို့မှာ ကျန်းမာရေးထိခိုက်နိုင်တဲ့ ဓာတုဗေဒ ဆိုးဆေးတွေ အသုံးပြုရောင်းချနေတာ စစ်ဆေးတွေ့ရှိရတယ်လို့ စားသုံးသူများ အကာအကွယ်ပေးရေးအဖွဲ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီတွေ့ရှိချက်နဲ့ပတ်သက်ပြီး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ရန်ကုန်မြို့မှာ ရောင်းချနေတဲ့ သားငါးတွေထဲမှာ ဓာတုဗေဒတွေ တွေ့ရတာ အခြေအနေ ဘယ်လောက်တောင် ဆိုးဝါးနေလဲ။

[caption id="attachment_35847" align="alignleft" width="150" caption="ဦးဗအုပ်ခိုင်"][/caption]

“ကျနော်တို့က တားမြစ်ဆိုးဆေး သုံးစွဲမှု ပပျောက်ရေး အခု လုပ်နေတာပြီး ဈေးတွေကို ၀င်စစ်တာ။ စစ်တဲ့အထဲမှာ အများဆုံး ဆိုးဆေးတွေ တွေ့ရတာက မျှစ်တွေ။ မျှစ်တွေကို တရုတ်က၀င်တဲ့ ဆိုးဆေးတွေဖြစ်တဲ့ တားမြစ်ဆိုးဆေးတွေကို မျှစ် အနီရောင်၊ အ၀ါရောင်တွေမှာ ဆိုးတယ်။ အ၀ါရောင်ဆိုးဆေးတွေကို ကြက်သားတို့၊ ငါးပုဏ္ဏားတို့၊ ငါးမြွေထိုးတို့၊ ငါးပုတ်သင်တို့၊ ငါးရှဥ့်တို့မှာ ဆိုးတယ်။ ငါးချဉ်ထဲမှာလည်း ဆိုးဆေးတွေ တွေ့ရတယ်။ ပုစွန်ချဉ်မှာ ပန်းရောင်ဆိုးဆေးတွေ၊ ငရုပ်သီးမှုန့်တွေမှာ အနီရောင်ဆိုးဆေးတွေ တွေ့ရတယ်။”

ဘယ်ဈေးတွေမှာ အတွေ့များလဲ။

“ကျနော်တို့က ဆင်ခြေဖုံးမြို့နယ်တွေကို အဓိကစစ်တာ။ ဥပမာ ရွှေပြည်သာမြို့နယ်ထဲမှာဆိုရင် လူစည်ကားရာ အကြီးဆုံးဈေးတွေဖြစ်တဲ့ ပတ္တမြားဈေးတို့၊ ဇီးကုန်းဈေးတို့မှာ အတော်များများ တွေ့ရတယ်။ နောက် ဒီဓာတုဗေဒဆိုးဆေးတွေကို ၁ ထုပ် ၁၀၀နဲ့ ပရဆေးဆိုင်၊ ကုန်ခြောက်ဆိုင်တွေမှာ အလွယ်တကူ ရောင်းနေတာ တွေ့ရတယ်။ အဲဒါတွေကိုလည်း ကျနော်တို့ သိမ်းဆည်းခဲ့ပါတယ်။ အင်းစိန်မှာဆိုရင်လည်း အင်းစိန်ဈေးကြီး၊ ၁၀ မိုင်ကုန်းဈေးတို့မှာလည်း ဆိုးဆေးတွေ ရောင်းနေတာ တွေ့ရတယ်။ အင်းစိန်ဈေးထဲမှာလည်း အတော်ဆိုးပါတယ်။ ကင်ဆာဖြစ်စေတတ်တဲ့ ဆိုးဆေးတွေချည်းပဲ။”

ငါးတွေမှာ တွေ့ရတာက ဘယ်လိုမျိုး ဆိုးဆေးအမျိုးအစားလဲ။ ဘာကြောင့် ငါးတွေမှာ အရောင်ဆိုးရတာလဲ။

“ငါးတွေက အလတ်နည်းလာတဲ့အခါမှာ ရောင်းပန်းလှအောင် ၀ယ်သူကို လှည့်စားတဲ့သဘောပါပဲ။ ၀ါဝါ၀င်းဝင်းလေးတွေကျတော့ သူက အမှတ်တမဲ့ကြည့်ရင် တချို့က ဆိုးဆေးမှန်းမသိရဘူး။ ဒါတွေဟာ လတ်သယောင်ထင်ရတယ်။ တချို့တွေက ပါးဟပ်ထဲကို အနီရောင်ဆိုးဆေးထည့်တယ်။ ဘာလို့လဲဆိုတော့ ဈေးဝယ်တဲ့သူတွေက ပါးဟပ်က အနီရောင်ဆို ၀ယ်တာကို။ အဲဒါကြောင့် ဆိုးကြတာ။ ဆိုးဆေးတွေက များသောအားဖြင့် တရုတ်က ၀င်တာများတယ်။ တံဆိပ်မပါဘူး။ ဒါပေမယ့် ကျနော်တို့က အဲဒါကို ကိုင်ကြည့်ရင် ဆပ်ပြာနဲ့ဆေးရင်တောင်မှ မကျွတ်ဘဲ လက်မှာ စွဲနေတယ်။ အဲလောက်ထိ ဆိုးတယ်။”

ဒီဟာတွေကို စားသုံးမိရင် စားသူတွေ ဘယ်လိုအန္တရာယ်ဖြစ်နိုင်လဲ။

“ဖြစ်နိုင်တာက စားစားချင်းမှာ အဆိပ်အတောက်ကို အသည်းကနေပြီး အရင်ဖြေရှင်းရတာဆိုတော့ အသည်းကင်ဆာတို့၊ အစာအိမ်လမ်းကြောင်း ကင်ဆာတို့၊ အူမကြီး ကင်ဆာတို့ ဖြစ်နိုင်တာ သေချာသလောက်ပါပဲ။”

ဒီအန္တရာယ်ကို အစိုးရပိုင်းက အက်ဖ်ဒီအေလို စားသုံးသူများ ကွပ်ကဲရေးအဖွဲ့ကို တင်ပြပြီးတော့ ဆောင်ရွက်နေတာ ရှိလား။

“ကျနော်တို့က အက်ဖ်ဒီအေနဲ့ ဆောင်ရွက်တာတော့ မရှိသေးပါဘူး။ အသင်းစဖွဲ့တဲ့အချိန်မှာ စီးပွားကူးသန်းဝန်ကြီးဌာနက တာဝန်ရှိ ညွှန်ကြားရေးမှူးတွေနဲ့ ကျနော်တို့ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနက ဆွေးနွေးပါတယ်။ စားသုံးသူကာကွယ်ရေး လုပ်ငန်းလုပ်ရာမှာ တဦးနဲ့တဦး အကူအညီပေးကြမယ်ဆိုတာပါ။ နောက် ဈေးတွေကိုစစ်ရာမှာ သက်ဆိုင်ရာဈေးမှာရှိတဲ့ ဈေးတာဝန်ခံရုံးပေါ့။ စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတွေကို ကြိုအကြောင်းကြားပြီးမှ ၀င်တာပါ။ သူတို့ကလည်း လက်ခံကြိုဆိုကြပါတယ်။ လိုအပ်တဲ့အကူအညီလည်း ပေးပါမယ်ပေါ့။ ကျနော်တို့အဖွဲ့ထဲမှာကိုက စည်ပင်က ဈေးတွေစားသောက်ဆိုင်တွေကို စစ်တဲ့အဖွဲ့တွေထဲမှာပါလေ့ရှိတဲ့ ကျန်းမာရေးအရာရှိ ဆရာဝန်တွေဘာတွေလည်း အဖွဲ့ဝင်အနေနဲ့ပါတယ်။ လက်ရှိ စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနက ကျန်းမာရေးအရာရှိတွေ ကိုယ်တိုင် ကျနော်တို့ အသင်းမှာ အဖွဲ့ဝင်ဖြစ်တယ်။ အဲတော့ စည်ပင်သာယာရေးကော်မတီနဲ့လည်း ပူးပေါင်းဆောင်ရွက်တယ်လို့ ပြောလို့ရတယ်။”

အခုလို စစ်ဆေးတွေ့ပြီးနောက်ပိုင်းမှာရော ဆက်ရောင်းချနေတုန်းပဲလား။ ဘယ်လိုမျိုး အရေးယူဆောင်ရွက်မှုတွေ လုပ်နေတာ တွေ့ရပါလဲ။

“အခုက ကျနော်တို့က ပထမ၀င်ပြီးသား ဈေးကိုတော့ ဒုတိယအကြိမ် မ၀င်နိုင်သေးဘူးပေါ့။ ၀င်တဲ့ဈေးလည်းရှိပါတယ်။ အဲမှာ ဘယ်လိုဖြစ်လဲဆိုတော့ မျှစ်လိုမျိုး နောက်နေ့ ကျနော်တို့ပြန်ဝင်ရင် မဆိုးတော့ဘူးပေါ့။ တချို့ ပြန်ဆိုးတာတွေလည်းရှိတယ်။ တချို့လည်း လုံးဝမဆိုးတော့တာလည်း ရှိတယ်။ သူတို့ပြောတာတော့ မျှစ်တွေကအရောင်းထိုင်းတယ်။ အရောင်နဲ့ရောင်းမှ. စားသုံးသူကိုယ်တိုင်က အ၀ါရောင်နဲ့မှ အနီရောင်နဲ့မှ အဲလိုတောင်းဝယ်လို့ သူတို့ဆိုးရတယ်လို့ ပြောတယ်။ ဒါပေမယ့် ငါးလိုမျိုးကျတော့ စားသုံးသူကိုယ်တိုင်က မသိဘူး။ သူတို့ကိုယ်တိုင်က စားသုံးသူကိုလှည့်စားပြီး ရောင်းပန်းလှအောင်၊ လတ်တယ်ထင်ရအောင် ဆိုးရောင်းတာပေါ့။”

ဆိုးဆေး စားသောက်ကုန်ပစ္စည်းတွေမှာ သုံးစွဲမှု လုံးဝပပျောက်သွားအောင် ဘာတွေလုပ်ရမယ်လို့ ထင်ပါလဲ။

“အခု ကျနော်တို့က စစ်ဆေးတာ၊ ပညာပေးတာရယ်နဲ့ သတိပေးတာပေါ့။ သတိပေးတာက အမျိုးသားအစားအသောက်ဥပဒေ (National Food Law) နဲ့ အရေးယူခံရနိုင်တယ်။ အရေးယူခံရရင်လည်း ဒဏ်ငွေ ၅ သောင်းကနေ ၅ သိန်းထိရှိတယ်ဆိုတာရယ်။ ထောင်ဒဏ် ၁ နှစ်ကနေ ၅ နှစ်အထိ ရှိတယ်ဆိုတာတော့ ပညာကေးတယ်။ ဒါပေမယ့် ဒါတွေပပျောက်ဖို့ စားသုံးသူဘက်ကလည်း ပြင်ဖို့လိုတယ်။ မျှစ်ကို သဘာဝအတိုင်းဝယ်ဖို့လိုတယ်။ စားသုံးသူက မ၀ယ်တော့ဘူးဆိုရင် ရောင်းတဲ့သူက အလိုလို မဆိုးတော့ဘူးပေါ့။ ငါးတွေ၊ ငရုတ်သီးမှုန့်တွေ ရောင်းတာကျတော့ စားသုံးသူဘက်က မသိလို့ စားတာ။ အဲဒါမျိုးကျတော့ ထိရောက်ဟန့်တားတဲ့ပြစ်ဒဏ်တွေ လိုပါတယ်။ တလောက ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းတဲ့ အမျိုးသားအစားအသောက်ဥပဒေ ပြင်ဆင်တာလေးထုတ်တယ်။ ပြစ်ဒဏ်ပိုင်းမှာ ပြင်ဆင်တာက ဒဏ်ငွေကို ၁၀ ဆ လောက်တိုးထားတာတွေ့ရတယ်။ ထောင်ဒဏ်ကတော့ နဂိုထောင်ဒဏ်အတိုင်းပဲ။ ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ထောင်ဒဏ် ၅ နှစ်ဖြစ်စေပေါ့။ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်ပေါ့။ တရားသူကြီးက သူ့ရဲ့ စီရင်ပိုင်ခွင့်အာဏာမှာကျတော့ သူကဒါမျိုးတွေကို ငွေဒဏ်ချလေ့ရှိပါတယ်။ တဖက်က လုပ်ငန်းရှင်ကလည်း သူ့အမှုလွတ်ဖို့ တဖက်ကနေ မရိုးဖြောင့်တဲ့သဘောနဲ့ တရားသူကြီးကို လာဘ်ပေးပြီး ငွေဒဏ်ပဲဖြစ်အောင်လုပ်တာပေါ့။ အဲတော့ မပါမနေရအပြစ်ဒဏ်ရှိဖို့လိုတာပေါ့။ ဥပမာ ၁ နှစ်တိတိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမယ့်အပြင်၊ ၅ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမယ့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ဆိုတာမျိုး ပြဋ္ဌာန်းဖို့လိုပါလိမ့်မယ်။ ဒီဥပဒေကို ပြည်ထောင်စုလွှတ်တော်၊ ရှေ့နေချုပ်ရုံးတို့ကို ကျနော်တို့ အကြံပေးတင်ဖို့ ဆွဲနေပါတယ်။ ရှေ့တပတ်ထဲ တင်ဖြစ်ပါမယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013