Homeမြန်မာသတင်း
အွန်လိုင်းပေါ်နာမည်ကြီးနေသည့် ဗိုလ်နေတိုးရုပ်ရှင်ဇာတ်ဝင်တေး-‘ချစ်ခြင်းရဲ့ကဗျာ’(ရုပ်သံ)
အွန်လိုင်းပေါ်နာမည်ကြီးနေသည့် ဗိုလ်နေတိုးရုပ်ရှင်ဇာတ်ဝင်တေး-‘ချစ်ခြင်းရဲ့ကဗျာ’(ရုပ်သံ)
DVB
·
November 25, 2019

“လေညင်းလေး တိုက်ခတ်သွားသလို… တိမ်တွေပေါ် လမ်းလျှောက်ရသလို… ရှည်လျားတဲ့ ညအိပ်မက်လို… ဒဏ္ဍာရီလိုမင်းနဲ့ တွေ့ချိန်ဆို”
ဒါကတော့ တောင်ကြီးသား အဆိုတော် ကိုအောင်သီဆိုထားတဲ့ ချစ်ခြင်းရဲ့ ကဗျာ အမည်ရတဲ့ သီချင်းထဲကစာသားတွေဖြစ်ပြီး လတ်တလောမှာတော့ ဇာတ်ဝင်သီချင်းတ ပုဒ်အနေနဲ့ ပရိသတ်တွေက ခံစားနားဆင်ကြရမှာပါ။
ကိုအောင် ကိုယ်တိုင်ရေးသားပြီး ကိုယ်တိုင်သီဆိုထားခဲ့တဲ့ ဒီသီချင်းကိုတော့ လက်ရှိရုံတင်ပြသနေတဲ့ ဗိုလ်နေတိုးရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေးတပုဒ်အနေနဲ့ အသုံးပြု ထားခဲ့တာ ဖြစ်ပါတယ်။
ကြယ်တွေစုံတဲ့ည၊ ချစ်ခြင်းရဲ့ကဗျာစတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပြီးဖြစ်တဲ့ တေးသံရှင် ကိုအောင်ရဲ့ အရင်ကဇာတ်လမ်းလေး၊ အပြာရောင်လမ်းခွဲ၊ ကြယ်ပြာလေးနဲ့ ဝေးတဲ့နောက်စတဲ့ သီချင်းတွေဟာ ပရိသတ်တွေကြား ထင်ရှားတဲ့ သီ ချင်းတွေဖြစ်ပါတယ်။
သိပ်မကြာသေးခင်ကလည်း “ကြယ်တွေစုံတဲ့နွေဦးပုံပြင်ည"လို့ အမည်ပေးထားတဲ့ တကိုယ်တော်ဖျော်ဖြေပွဲတခုကို ရန်ကုန်မြို့ The Radio Bar မှာ ကျင်းပခဲ့ပြီး ပရိသတ်တွေ နှစ်ခြိုက်အားပေးမှုတွေ ရရှိထားခဲ့တာပါ။
“မခေါ်ပဲနဲ့ မင်းဝင်ခဲ့သလို… မနှင်ပေမယ့် အဝေးဆုံးပြေးသလို… ရေထဲက လရိပ် လေးလို… မြင်နေရုံ ကိုယ့်အကြည့် မျက်ရည်စို”
အပစ်အခတ် အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဗိုလ်နေတိုးရုပ် ရှင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ကစပြီး ရုံတင်ပြသနေတာ ဖြစ်ပါတယ်။
ဒီကားကိုတော့ လူစွမ်းကောင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဇာတ်လမ်းနဲ့ဒါရိုက်တာ စတီးလ်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ဝါရင့်သရုပ်ဆောင်မင်းသား နေတိုး၊ သရုပ်ဆောင်မင်းသမီး သက်မွန်မြင့်နဲ့ ပိုင်ဖြိုးသုတို့က အဓိကသရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားကြတာဖြစ်ပြီး ဇာတ်ကောင်စရိုက်ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပါတယ်။
“သေချာတယ် အချစ်တခု… ယုံကြည်တယ် မမှားဘူး… ကိုယ်စီရင်ခုန်သံ… ပြန် ကြားနေရဆဲအခု… သေချာတယ် အချစ်တခု… ယုံကြည်တယ် မမှားဘူး… ကိုယ်စီ ရင်ခုန်သံ… ပြန်ကြားလိုက်ရတယ်အခု… တူ… တူ… တူ… တူ… တူ”
ဒီရုပ်ရှင်ဇာတ်ဝင်တေးရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်း မြင်ကွင်းတွေနဲ့အတူ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒီရုပ်ရှင်ဇာတ်ဝင်တေးရုပ်သံဗွီဒီယိုဖိုင်ဟာ ၃ ရက်အတွင်း ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ် ရေ ၄ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။