Home
မြန်မာသတင်း
မြောက်ဦးအိုးထိန်းဆရာတော်အပါအဝင် ဖမ်းဆီးထားသူ ၅ ဦးကို တပ်မတော်က ရဲတပ်ဖွဲ့ထံလွှဲပေး 
ဝဏ္ဏခွာညို
·
November 25, 2019
74434236_926488754373799_6626672025584795648_n
မြောက်ဦးအိုးထိန်းကျေးရွာက ကျောင်းထိုင်ဆရာတော်တပါး အပါအဝင် ဖမ်းဆီးထားသူ ၅ ဦးကို တပ်မတော်က ရဲတပ်ဖွဲ့ဆီကို နိုဝင်ဘာ၂၃ ရက်က လွှဲပြောင်းပေးလိုက်ပြီလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်း ဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးက ဒီဗွီဘီကိုပြောပါတယ်။ ကျောက်တော်ကနေတဆင့် စစ်တွေမြို့ရဲစခန်းကို လွှဲပြောင်းလိုက်တာဖြစ်ပြီး  ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးနဲ့ ကားဒရိုင်ဘာတဦးတို့လည်းပါဝင်ပါတယ်။  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးက “ကျနော်တို့ ၂၃ ရက်နေ့က လွဲပေးလိုက်ပြီ၊ စစ်တွေနဲ့ ကျောက်တော်ကို လွဲပေးလိုက်တာ။ လွှဲပေးလိုက်တဲ့အထဲမှာ ဘုန်းကြီးပါတယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူးပါတယ်။ နောက်ပြီး ကားမောင်း သမားတယောက်ပါတယ်။ နောက်ပြီးသူတို့နဲ့ ဆက်စပ်တဲ့လူ ၂ ယောက်ပါ တယ်။ လွှဲပေးလိုက်တဲ့ထဲမှာ” လို့ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်မှာ အိုးထိန်းကျေးရွာက ကျောင်းထိုင်ဆရာတော် ဦးကဝိဓဇ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနဲ့ ကားဒရိုင်ဘာတို့ကို တပ်မတော်စစ်ကြောင်းတခုက လင်းမြွေတောင်အနီးမှာ ဖမ်းဆီးခဲ့တာလို့ မိသားစုတွေက ပြောဆိုထားပါတယ်။ သူတို့ သုံးဦးကို ဖမ်းဆီးပြီး ၂ လကျော်အကြာ တပ်မတော်က စစ်ဆေးလို့ အပြီးမှာ ရဲတပ်ဖွဲ့ဆီကို လွှဲပြောင်းပေးလိုက်တာဖြစ်တယ်လို့ ဗိုလ်မှူးကြီးဝင်ဇော်ဦးက ပြောပါတယ်။ “ကျနော်တို့က လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်လို့အပြီးမှာ ရဲလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်လို့ရအောင် ရဲကိုလွှဲပေးလိုက်တာ” လို့ပြောပါတယ်။ တပ်မတော်က လွှဲပြောင်းပေးလိုက်သူတချို့ စစ်တွေမြို့မရဲစခန်းမှာ ရောက်နေပြီလို့ သတင်းတွေရထားပေမယ့် အသေးစိတ်ကို မသိရသေးဘူးလို့ မိသားစုက ဒီဗွီဘီကိုပြောပါတယ်။ အခုကိစ္စနဲ့ပတ်သက်လို့ စစ်တွေမြို့မရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024