
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်း မနော်ဟရီလမ်းဆုံမှာ ဘုရားဖူး ပြန်လာတဲ့ ခရီးသည်တင်ဘတ်စ်ကားတစီးနဲ့ မြေသယ်ကားတစီးတို့ နိုဝင်ဘာ ၂၅ ရက်မနက် ၃ နာရီက တိုက်မိခဲ့ပါတယ်။
မြေတင်ကားကို ကောင်းထက်ဟန် အသက် ၂၂ နှစ်က အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လာတာဖြစ်ပြီး မီးနီကို ဖြတ်လိုက်ရာမှ ဘုရားဖူးကားကို တိုက်မိခဲ့တာပါ။ လမ်းဆုံက ယာဉ်ထိန်း အဆောက်အအုံကိုပါ တိုက်မိခဲ့သလို အနီးအနားက ဆိုင်ကယ်ကယ်ရီပြေးဆွဲနေတဲ့ ကိုဝင်းအောင်ကိုပါ တိုက်မိခဲ့လို့ ခေါင်းနဲ့ခြေထောက်ကို ထိခိုက်ခဲ့ကာ ဦးခေါင်းမှာ ၅ ချက်ချုပ်ခဲ့ရပါတယ်။
ခရီးသည် ၂၇ ယောက်တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ ဇလွန်တောင်နဲ့ အင်းတော်ကြီးဘက်ကနေ ဘုရားဖူးပြီး ပြန်လာတာဖြစ်ပါတယ်။
ဘုရားဖူးကားမောင်းလာတဲ့ ကိုကျော်ဆွေက “ကျနော်က ဇလွန်တောင်ကနေ ဘုရားဖူး ပြန်လာတာပါ။ ၆၂ လမ်းအတိုင်းမောင်းလာတာ မနော်ဟရီမီးပွိုင့် ရောက်တော့ မီးစိမ်းလာတဲ့ အတွက် စပြီးမောင်းထွက်လိုက်တုန်း အရှေ့ဘက်ကနေ အရှိန် တော်တော်ပြင်းပြင်းမောင်းလာတဲ့ ကားက အရှိန်ကနိုင်ပုံမပေါက်ဘူး ဆွဲကွေ့လိုက်ပုံရတယ်။ ဝုန်း ဆို ဘေးတိုက်ကြီးတိုက်ချလိုက်တာ။ ကျနော့်ကားရော အဲဒီကားရောက ဓာတ်တိုင်နဲ့ ယာဉ်ထိန်း အဆောက်အဦကို တိုက်ချလိုက်တာ တော်သေးတယ်။ ဘုရားဖူးခရီးသည်တွေ ဘာမှထိခိုက်တာ မရှိလို့ အဲလောက်ကြီး အရှိန်ပြင်းအောင် မမောင်းသင့်ဘူးလေ။ တင်လာတဲ့ဝိတ်ကလည်း များတယ်”လို့ ပြောပါတယ်။
အခုယာဉ်တိုက်မှုကြောင့် မီးပွိုင့်ယာဉ်ထိန်းအဆောက်အဦနဲ့ မီးအချက်ပြပစ္စည်းတွေ၊ လျှပ်စစ်ကေဘယ်ကြိုး၊ ဓာတ်တိုင်တွေနဲ့ ဆိုင်ကယ်တစ်စီးပျက်စီးဆုံးရှုံးခဲ့တာကြောင့် မြေသည်ကားမောင်းသူ မောင်ထက်ဟန်ကို ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ ထိခိုက် ဒဏ်ရာရရှိစေမှုတို့နဲ့ မန္တလေးယာဉ်အမှုစစ်ဌာနက အမှုဖွင့်အရေးယူထားပါတယ်။











