Home
ဆောင်းပါး
အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ဖို့ လက်တွဲဖြေရှင်းကြပါစို့
DVB
·
November 25, 2019
ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေးနေ့ ဖြစ်ပြီး တကမ္ဘာလုံးမှာ ပြုလုပ်ကြမယ့် ကျား၊ မ ဖြစ်မှု အခြေပြု အကြမ်းဖက်မှုများ ဆန့်ကျင်ရေး ၁၆ ရက်တာ လှုပ်ရှားမှု စတင်တဲ့နေ့လည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေး လုပ်ဆောင်ရာမှာ အမျိုးသား၊ အမျိုးသမီးများ အပါအဝင် မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံး ပါဝင်ဆောင်ရွက်ကြဖို့ ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေနဲ့ ဆွီဒင်နိုင်ငံ သံတမန်မစ်ရှင်များက တိုက်တွန်းအပ်ပါတယ်။  အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုဟာ ကမ္ဘာတဝန်းမှာ အဖြစ်အများဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲက တခု ဖြစ်ပါတယ်။ ဒီအကြမ်းဖက်မှုဟာ ကျူးလွန်ခံရသူများအတွက်သာမက သူတို့ရဲ့မိ သားစုအတွက်ပါ ကြီးမားဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပြီးတော့ လူ့အဖွဲ့အစည်းရဲ့ အလွှာအားလုံးအပေါ်လည်း အကျိုးသက်ရောက်မှု ရှိပါတယ်။  ကျား၊ မ အခြေပြု အကြမ်းဖက်မှုဟာ ဆိုးရွားမှုအတိုင်းအတာအလိုက် ထိပါးနှောင့်ယှက်မှု၊ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ အဓမ္မပြုကျင့်မှု၊ လူကုန်ကူးမှုက‌နေ ချစ်သူ၊ ရည်စားကြောင့် ဖြစ်တဲ့ သွေးထွက်သံယိုမှု၊ အသက်သေဆုံးမှုတွေအထိ ပါဝင်ပါတယ်။ ခေတ်နောက်ပြန်ဆွဲတဲ့ ကျား၊ မ ဖြစ်မှုဆိုင်ရာ စံနှုန်းတွေ၊ ဘက်လိုက်မှုတွေ၊ ထိရောက်မှုမရှိတဲ့ ဥပဒေတွေ၊ မူဝါဒတွေနဲ့ လူမှုအဖွဲ့အစည်း (social institutions) တွေဟာ ကျား၊ မ ဖြစ်မှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေကို သက်ဆိုးရှည်စေပါတယ်။ ဒီစိန်ခေါ်မှုတွေဟာ ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေနဲ့ ဆွီဒင်နိုင်ငံတွေနဲ့ သက်ဆိုင်သလို မြန်မာနိုင်ငံနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီနှစ်ရဲ့ ၁၆ ရက်တာ လှုပ်ရှားမှုမှာ မြန်မာနိုင်ငံနဲ့ ကမ္ဘာတဝန်းလုံးမှာ ရှိကြတဲ့ အကြမ်းဖက်မှု ခံစားခဲ့ရသူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးကွန်ရက်တွေ၊ အဖွဲ့အစည်းတွေဟာ “တန်းတူညီမျှရေး မျိုးဆက်တို့ အဓမ္မပြုမှု ဆန့်ကျင်ကြပါစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့ စုရုံးလှုပ်ရှားကြမှာ ဖြစ်ပါတယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ ပြောရရင် အမျိုးသမီးသုံးဦးမှာ တဦးဟာ သူမရဲ့တသက်တာမှာ မတော်မတရားပြုမှု၊ လိင်အကြမ်းဖက်မှု ကြုံတွေ့ခံရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံဟာလည်း ခြွင်းချက် မဟုတ်ပါဘူး။ တိုင်းရင်းသား လူနည်းစုဝင်ဖြစ်တဲ့၊ နေရပ်စွန့်ခွာ တိမ်းရှောင်ထွက်ပြေးနေကြရတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေဟာ သူတို့ရဲ့ အနေအထား၊ အခြေအနေတွေကြောင့် လိင်အကြမ်းဖက်မှု၊ ကျား၊ မ ဖြစ်မှုအခြေပြု အကြမ်းဖက်မှုတွေကို ပိုပြီးတော့ ခံရနိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ ကျား၊ မ ဖြစ်မှုအပေါ် အခြေပြုတဲ့ အကြမ်းဖက်မှု ခံစားခဲ့ရသူတွေဟာ လူရှေ့သူရှေ့ထွက်ပြီး တရားမျှတမှု တောင်းဆိုတာမျိုးတွေ လုပ်ခဲပါတယ်။ ဒီလိုဖြစ်တာဟာ လူမှုရေး အမည်းစက် ထင်သွားမှာကို ကြောက်တာ၊ ဒီကိစ္စတွေအတွက် တုံ့ပြန်ဖြေရှင်းပေးတဲ့ ဝန်ဆောင်မှုတွေအပေါ် အယုံအကြည်မရှိတာ သို့မဟုတ် ဒီလိုဝန်ဆောင်မှုတွေ မရှိတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုတွေကို ပိုမိုဆိုးရွားစေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ၊ လူမှုအသိုင်းအဝိုင်းတွေကြား ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ အခြေအနေတွေမှာ အမျိုးသမီးတွေဟာ သူတို့မိသားစုတွေ၊ ကိုယ့်ဘက်က လူတွေအတွက် စိုးရိမ်ပူပန်ကြတာမျိုး ရှိပါတယ်။ ပဋိပက္ခတွေဟာ တိုက်မှုခိုက်မှုတွေပြီးသွားလို့ ကာလအတန်ကြာတဲ့အထိ အမျိုးသမီးတွေ၊ အမျိုးသားတွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ အမျိုးသမီးများနဲ့ မိန်းကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ရေး လုပ်ငန်းတွေဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးတို့ကို တည်ဆောက်တဲ့နေရာမှာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းရာမှာ လိုအပ်တဲ့ နားလည်မှုတွေ ရှိလာဖို့၊ လူထု အသိပညာပေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့၊ ထောင့်စုံချဉ်းကပ် အဖြေရှာနည်းတွေ ရှာဖွေဖို့အတွက် ဆွေးနွေးတာတွေ လုပ်ဖို့၊ အကြမ်းဖက်မှုတွေ တွေ့ကြုံခံစားခဲ့ရသူတွေဆီက ကြားနာသင်ယူဖို့ လိုပါတယ်။ ဒီလုပ်ငန်းစဉ်ကို ထောက်ခံအားပေးတဲ့ နေရာမှာ၊ အဆင်ပြေချောမွေ့အောင် လုပ်ပေးတဲ့နေရာမှာ အစိုးရရဲ့ အခန်းကဏ္ဍကလည်း အဓိကကျပါတယ်။ ကျား၊ မ ဖြစ်မှုဆိုင်ရာ စံနှုန်းတွေ၊ ပုံစံခွက်အမြင်တွေအပေါ် ကျွန်ုပ်တို့ စဉ်းစားပုံတွေကို ပြောင်းလဲတာတွေ၊ အကြမ်းမဖက်တဲ့ လူမှုရေး စံနှုန်းတွေကို တည်ဆောက်တာတွေ၊ အမျိုးသားတွေနဲ့ ယောကျ်ားလေးတွေကိုပါ ပါဝင်စေတာတွေကလည်း အရေးကြီးပါတယ်။ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ လူ့အခွင့်အရေးတွေကို အပြည့်အဝ ခံစားခွင့်ရှိတဲ့ အခြေအနေဟာ လက်တွေ့ဖြစ်လာဖို့ လိုပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် သူတို့ရဲ့ လူ့အဖွဲ့အစည်း ကဏ္ဍအားလုံးမှာ အပြည့်အဝ ပါဝင်ခွင့်၊ ပါဝင်ဖို့ ဖြစ်နိုင်ခြေတွေကို ကန့်သတ်တဲ့ အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှု ပုံစံအားလုံးကို တိုက်ဖျက်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံအစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုတွေကနေတဆင့် နော်ဒစ်နိုင်ငံတွေဟာ အမျိုးသမီး၊ မိန်းကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာကြဖို့၊ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လုပ်ငန်းတွေကို ကူညီထောက်ပံ့ပေးလျက် ရှိပါတယ်။ အောက်ခြေမှာ ကျား၊ မ ဖြစ်မှုအခြေပြု အကြမ်းဖက်မှုတွေအကြောင်း ပိုပြီး သတိပြုမိလာကြတွေ၊ ကျား၊ မ တန်းတူရေးကို စံနမူနာပြုပေးတဲ့ ဦးဆောင် အမျိုးသားတွေ တိုးလာတာတွေ၊ အကြမ်းဖက်မှု တုံ့ပြန်ဖြေရှင်းရေး ဝန်ဆောင်မှုတွေ တိုးတာတွေ၊ ဒီဝန်ဆောင်မှုတွေကို အသုံးပြုမှု မြင့်တက်လာတာတွေ စသည်ဖြင့် အလားအလာကောင်းတဲ့ ရလဒ်တွေကို မြင်တွေ့ရပါတယ်။ ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံ အတည်ပြုခဲ့တဲ့ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုပုံစံအားလုံး ပပျောက်ရေး နိုင်ငံတကာ သဘောတူစာချုပ်နဲ့ ကိုက်ညီတဲ့ အမျိုးသမီးများအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများ တားဆီးရေး (PoVAW) အမျိုးသားဥပဒေတခုကို ပြဋ္ဌာန်းပေးဖို့ ၁၆ ရက်တာ လှုပ်ရှားမှု ကာလအတွင်း မြန်မာနိုင်ငံရှိ အမျိုးသမီးကွန်ရက်များ၊ အဖွဲ့အစည်းတွေဟာ ဆက်ပြီး စည်းရုံးလှုံ့ဆော်သွားဖို့ ရှိပါတယ်။ PoVAW တရပ် ပြဋ္ဌာန်းတာဟာ မြန်မာနိုင်ငံအစိုးရအတွက် အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့ အရေးပါတဲ့ အခွင့်အရေးတခု ဖြစ်ပါတယ်။ ဒီဥပဒေအနေနဲ့ တိုင်းရင်းသား လူနည်းစု၊ ဘာသာရေး လူနည်းစုတွေနဲ့ ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေက အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဥပဒေတွေဟာ လူ့အဖွဲ့အစည်းက လက်ခံယုံကြည်တဲ့ အဓိက တန်ဖိုးတွေကို ထင်ဟပ်ဖော်ပြတာ ဖြစ်တဲ့အတွက် တကယ်ပဲ အရေးကြီးပါတယ်။ နောက်တချက်က ဥပဒေတွေဆိုတာ စာရွက်ပေါ်တင် ရှိနေတာမဟုတ်ဘဲ တရားဥပဒေစည်းကြပ်ရေး အဖွဲ့တွေ၊ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့သူတွေ၊ ဆရာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ စသည်ဖြင့် အကျိုးစီးပွား ပါဝင်ပတ်သက်သူတွေကြား ညှိနှိုင်းပြီး အကောင်အထည်ဖော်ဖို့လည်း လိုပါတယ်။ ဒီအချက်ကို ကျွန်ုပ်တို့ နိုင်ငံတွေရဲ့ အတွေ့အကြုံအရ သိတာ ဖြစ်ပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျနော်၊ ကျမတို့က မြန်မာနိုင်ငံ အစိုးရအာဏာပိုင်တွေအနေနဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ အကာအကွယ်ပေးမယ့် ကျယ်ပြန့်တဲ့ ဥပဒေတရပ်ကို အတည်ပြုပြဋ္ဌာန်းပေးဖို့၊ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေ အပါအဝင် သက်ဆိုင်သူအားလုံး အမျိုးသမီးများနဲ့ ကလေးငယ်များ အပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုအားလုံး အဆုံးသတ်ရေးမှာ ပါဝင်ဆောင်ရွက်ကြဖို့ ထပ်လောင်း ဆော်ဩလိုက်ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024