ပြည်ပရောက် မြန်မာနိုင်ငံသား ၄ သန်းခန့် ရွေးကောက်ပွဲတွင် မဲပေးခွင့်မသေချာသေး
စိုးမိုးအောင်
·
November 24, 2019
ပြည်ပရောက် မြန်မာနိုင်ငံသား ၄ သန်းလောက်ရဲ့ မဲပေးပိုင်ခွင့်ဟာ လက်ရှိအချိန်အထိ မသေချာသေးဘူးလို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုတာ၊ လူဦးရေစာရင်းကောက်ယူတာတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ စတင်လုပ်ဆောင်နေပြီး ဒီရွေးကောက်ပွဲမှာ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ မိမိနေထိုင်ရာဒေသမှာ မဲပေးခွင့်ရရှိအောင် ကော်မရှင်က စီစဉ်ဆောင်ရွက်နေတာလည်း ရှိပါတယ်။
ဒါ့အပြင် တပ်တွင်းမဲရုံတွေကို တပ်ရဲ့ပြင်ပမှာပြောင်းရွှေ့မဲပေးနိုင်အောင် ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်နေတာတွေရှိပေမယ့် ပြည်ပရောက် မြန်မာနိုင်ငံသား ၄ သန်းလောက်ရဲ့ မဲပေးပိုင်ခွင့်ကိုတော့ စနစ်တကျဆောင်ရွက်တာ မရှိသေးဘူးလို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာစိုင်းရဲကျော်စွာမြင့်က ဆိုပါတယ်။
မြန်မာနိုင်ငံနိုင်ငံကနေ တရားမဝင်ရော တရားဝင်ပါသွားရောက်အလုပ်လုပ်ကိုင်နေသူတွေဟာ ထိုင်းနဲ့မလေးရှားနိုင်ငံမှာတင် ၄ သန်းလောက်ရှိနေပါတယ်။
ရွေးကောက်ပွဲ မဲပေးတဲ့အခါ သံရုံးရှိတဲ့ နေရာတွေမှာပဲ မဲပေးခွင့်ရှိနေသေးတာကြောင့် သူတို့ကိုမဲပေးခွင့်ရရှိအောင် စီစဉ်ပေးဖို့လိုတယ်လို့လည်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က ထောက်ပြပါတယ်။
ရွေးကောက်ပွဲကျင်းပနေချိန် ပြည်ပရောက်နေတဲ့ နိုင်ငံဝန်ထမ်းတွေ၊ ပညာတော်သင်တွေနဲ့ အစိုးရခွင့်ပြုချက်နဲ့ ပြည်ပရောက် အိမ်ထောင်စုဝင်တွေကို ကြိုတင်မဲပေးဖို့ ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၇ မှာ ပြဋ္ဌာန်းထားတယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်က ဆိုပါတယ်။
ဒီဥပဒေအတိုင်း သက်ဆိုင်ရာ သံရုံးတွေမှာ နိုင်ငံသားတွေမဲပေးခွင့်ရအောင် ၂၀၁၅ အထွေထွေေရွေးကောက်ပွဲကစပြီး ကော်မရှင်က ဆောင်ရွက်ပေးခဲ့တယ်လို့လည်း ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးတင်မောင်အေးက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနဲ့ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲ ဥပဒေအရ သံရုံးရှိတဲ့ နေရာတွေမှာပဲ မဲပေးခွင့်ရှိနေတာပါ။