DVB Logo
Home
ကျန်းမာရေး
မျက်စိအားဆေး သောက်ဖို့မလိုအောင် အားဖြည့်ပေးမယ့် အစားအသောက်လေးတွေ
DVB
·
November 24, 2019
မျက်စိအားဆေး သောက်ဖို့မလိုအောင် အားဖြည့်ပေးမယ့် အစားအသောက်လေးတွေ
Donate to DVB

မျက်ခုံးလှုပ်တယ်၊ မျက်ခွံလှုပ်တယ်၊ မျက်ခမ်းလှုပ်တယ် ဆိုတာနဲ့ ကံမကောင်းတော့ဘူးပဲ ထင်နေတာလား။ အမှန်က မျက်စိက ကြည့်ရတာမကောင်းဘူး၊ မျက်လုံးတွေကျိန်းစပ်တယ်၊ မျက်လုံးခြောက်တယ်၊ မျက်ရိုးကိုက်တယ်၊ မျက်လုံးတဝိုက် ကြွက်သားလေးတွေ လှုပ်တယ်၊ မျက်လုံးအောင့်တယ် ဆိုတာတွေက မျက်စိအားနည်းနေတဲ့လက္ခဏာတွေပါ။

မျက်စိအားနည်းရင် အားဆေးတွေ သောက်လို့ရတယ် ဆိုပေမယ့် ဆေးကို အရင်အားမကိုးဘဲ ကိုယ့်ရဲ့နေ့စဉ်အာဟာရထဲမှာ အစားအသောက်တချို့ကို ဦးစားပေးလိုက်ရုံနဲ့ ဒီဓာတ်တွေကို သဘာဝအတိုင်းရနိုင်နေတာပဲလေ။ ဒီတော့ မျက်စိအားဆေးမသောက်ခင် ဒီအစားအစာလေးတွေနဲ့ အရင်ကုစားကြည့်ရအောင်လား …

(၁) ငါး


ငါးတွေမှာ မျက်လုံးအတွက် ကောင်းတဲ့ အကျိုးပြုအဆီဓာတ် Omega-3 fatty acid တွေ ပါဝင်တဲ့အတွက် မျက်စိအားကောင်းစေဖို့ စားပေးသင့်ပါတယ်။ တူနာငါး၊ ဆော်လ်မွန်ငါး၊ ဆာဒင်းငါး အစရှိတဲ့ ငါးတွေမှာ Omega-3 fatty acid တွေ ပေါကြွယ်ဝလို့ အမြင်အာရုံကောင်းစေပြီး မျက်လုံးခြောက်သွေ့တာကိုပါ သက်သာစေပါတယ်။

(၂) ပဲ နဲ့ အခွံမာသီးအမျိုးမျိုး


အခွံမာသီးနဲ့ ပဲတွေမှာ မျက်လုံးကို အားကောင်းစေတဲ့ Omega-3 fatty acid တွေအပြင် ဗီတာမင် E ပေါကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်နဲ့ မျက်စိအတွက်လည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။ သစ်ကြားသီး၊ သီဟိုဠ်စေ့၊ ပဲနီလေးတို့ကို စားပေးရင် မျက်စိအားကောင်းစေတဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် မျက်စိထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) အစေ့အဆန်


နေကြာစေ့၊ ဖရုံစေ့၊ ပင်ပွားစေ့၊ ပီစတာချီရိုစေ့၊ ဗာဒံစေ့တို့လို အစေ့အဆံတွေမှာ ကြွယ်ဝတဲ့ဗီတာမင် E ကြောင့် မျက်စိအားကောင်းစေပြီး အမြင်အာရုံကြည်လင်စေပါတယ်။ ဒါတွေပုံမှန်စားပေးရင် အသက်ကြီးရင်တောင် မျက်စိတော်တော်နဲ့မမှုန်ပါဘူးတဲ့။

(၄) အချဉ်ဓာတ်ရှိတဲ့ သစ်သီးတွေ


သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး အစရှိတဲ့ အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာ မျက်လုံးအတွက် အထောက်အကူဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E အများအပြားပါဝင်တဲ့အပြင် ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။

(၅) အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ


ဟင်းသီးဟင်းရွက်တွေမှာ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြားပါဝင်ပြီး မျက်လုံးကိုလည်း အားဖြစ်စေတဲ့ ဗီတာမင် C ဓာတ် ပါဝင်တာကြောင့် အဓိကစားပေးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ကန်စွန်းရွက်၊ ကိုက်လန်ရွက်၊ ပန်းဂေါ်ဖီထုပ် အပြင် တခြားသော အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးနိုင်ပါတယ်။

(၆) မုန်လာဥနီ


လူတော်တော်များများ သိထားကြတဲ့ မျက်စိအားဆေး အစားအစာတွေထဲမှာမုန်လာဥနီဟာ တစ်ခုအပါအဝင်ပါပဲ။ မုန်လာဥနီမှာ ဗီတာမင် A ပါဝင်လို့ အမြင်အာရုံကို ကြည်လင်ကောင်းမွန်စေတယ်။ မျက်လုံးကိုလည်း အာဟာရဖြစ်စေတယ်။ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေကိုလည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။

(၇) ကန်စွန်းဥ


ဘီတာကယ်ရိုတင်းကြွယ်ဝပြီး ဗီတာမင် E ဓာတ်အပြင် တခြားသော အာဟာရဓာတ်တွေ ပါဝင်တဲ့ ကန်စွန်းဥကို များများစားပေးခြင်းဖြင့် မျက်စိမှုန်တဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။

(၈) ကြက်ဥ


ကြက်ဥမှာ အမြင်အာရုံ ကောင်းစေပြီး ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E နဲ့ ဇင့်ဓာတ်တွေအပြင် တခြားသော အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

(၉) ရေ


ရေဟာ မျက်စိကျန်းမာရေးအတွက်သာမက လူသားတိုင်းရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အကျိုးဖြစ်စေတဲ့ ဓါတ်တွေ ပါဝင်ပါတယ်။ ရေများများသောက်ပေးမှ ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်တာ၊ မျက်စိအမြင် အာရုံချို့ယွင်းတာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

(၁၀) ဖြည့်စွက်အားဆေး


မျက်လုံးအတွက်လိုအပ်တဲ့ ဗီတာမင်တွေကို အစားအစာကနေအလုံအလောက်မရတဲ့သူတွေ၊ မျက်စိအားနည်းနေပြီး အမြန်သက်သာဖို့လိုအပ်နေသူတွေအတွက်က မျက်စိအားဆေးသောက်ဖို့လိုပါတယ်။ မျက်စိအားဆေးသောက်ပြီး မျက်လုံးကျန်းမာရေးကိုဂရုစိုက်နေထိုင်မယ်ဆို ဆေးခန်းသွားဖို့၊ မျက်မှန်သွားလုပ်ဖို့တောင်မလိုဘဲတော်ရုံဝေဒနာလောက်ကိုအေးဆေးသက်သာစေနိုင်ပါတယ်။

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013