အစိုးရအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး အခြေခံမူများ လိုက်နာရန် ကေအန်ယူ တိုက်တွန်း
အစိုးရအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူတွေ၊ စံချိန်စံညွှန်းတွေကို လေးစားလိုက်နာဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က တိုက်တွန်းလိုက်ပါတယ်။
နိုဝင်ဘာ ၂၂ ရက်စွဲနဲ့ ဒီနေ့ ကေအန်ယူ ဗဟိုအမြဲတမ်းကော်မတီရဲ့ အစည်းအဝေး ဒုတိယပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ကော်မတီအစည်းအဝေးကို နိုဝင်ဘာ ၅ ရက်ကနေ ၂၂ ရက်ထိ ကျင်းပခဲ့ပြီး နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ အစီရင်ခံစာတွေအပေါ်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ကေအန်ယူအနေနဲ့ လက်ရှိဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး အခြေအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေ၊ အစိုးရ ရင်ဆိုင်နေရတဲ့ တရားရေးဆိုင်ရာကိစ္စတွေအပေါ် သုံးသပ်ခဲ့ ကြပြီး အစိုးရအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူတွေနဲ့ စံချိန်စံညွှန်းတွေကို လေးစား လိုက်နာလုပ်ဆောင်သွားဖို့လည်း တိုက်တွန်းထားပါတယ်။
အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုးမူးက “အစိုးရအနေနဲ့ အိုင်စီဂျေ (အပြည်ပြည်ဆိုင်ရာ တရားရုံး) မှာ တရားရင်ဆိုင်ရတဲ့အခါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့သူတွေအနေနဲ့ ထောက်ခံရမှာပေါ့။ ပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ လုပ်ဖို့လိုတယ်။ ပြည်တွင်းမှာရော ပြည်ပမှာရောပေါ့” လို့ ပြောပါတယ်။
ပြည်တွင်းက လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း အရပ်သားအကာအကွယ်ပေးတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက လက်ခံကျင့်သုံးတဲ့ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေကို လိုက်နာဖို့လိုတယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားစွဲဆိုထားပြီး လာမယ့် ဒီဇင်ဘာလထဲမှာ စစ်ဆေးသွားဖို့ ရှိနေပါတယ်။
အဲဒီကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အဖွဲ့ သွားရောက်မှာဖြစ်သလို တရားစွဲဆိုချက်အားတုံ့ပြန်နိုင်ဖို့ နိုင်ငံတကာ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်ရှေ့နေကြီးတွေကို ငှားရမ်းထားပြီးပြီလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။











