DVB Logo
Home
မြန်မာသတင်း
တောင်သူလယ်သမားနေ့ ပြောင်းလဲသတ်မှတ်ရေး လှုပ်ရှားမှု စတင်မည်
DVB
·
January 28, 2013
တောင်သူလယ်သမားနေ့ ပြောင်းလဲသတ်မှတ်ရေး လှုပ်ရှားမှု စတင်မည်
Donate to DVB

မြန်မာနိုင်ငံမှာ မတ် ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် တရားဝင်သတ်မှတ်ထားရာကနေ ရက်ပြောင်းလဲ သတ်မှတ်ပေးဖို့  တောင်သူလယ်သမားတွေက  အစိုးရကို လက်မှတ်ရေးထိုး တောင်းဆိုဖို့ ပြင်ဆင်နေပါတယ်။

မတ် ၂ ရက်နေ့ဟာ ဗိုလ်ချုပ်ကြီး နေ၀င်းခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီက အာဏာသိမ်းတဲ့နေ့ဖြစ်ပြီး ဒီနေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ထားတာဟာ မသင့်လျော်တဲ့အတွက် ရက် ပြောင်းလဲသတ်မှတ်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ် သမားသမဂ္ဂအဖွဲ့ချုပ်က  စီစဉ်နေတာပါ။

ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး  တောင်သူလယ်သမားသမဂ္ဂတွေ ပေါ်ပေါက်ရေး စည်းရုံးလှုပ်ရှားနေတဲ့ ဒေါ်စုစုနွေးက ခုလို ပြောပါတယ်။

[caption id="attachment_35813" align="alignleft" width="150" caption="ဒေါ်စုစုနွေး"][/caption]

“မတ်လ ၂ ရက်နေ့က ဦးနေ၀င်း အာဏာသိမ်းတဲ့နေ့ဖြစ်တယ်။ ဒီရက်ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်တာကို ကျမ တောင်သူလယ်သမားအရေးဆောင်ရွက်သူ တယောက်အနေနဲ့ တောင်သူလယ်သမားသားသမီး တယောက်အနေနဲ့ လက်မခံနိုင်ပါဘူး။ တောင်သူလယ်သမားတွေကို ဒီရက်ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်တာကို လက်ခံနိုင်လားမေးတော့ သူတို့ကလည်း အားလုံး တသံတည်းပဲ။ လက်မခံနိုင်ဘူးပြောတယ်။ ဒါကြောင့် ဒီရက်ကို ၀ါရင့်နိုင်ငံရေးဘဘကြီးတွေနဲ့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့ကို ပြောင်းပေးပါရန် တတိုင်းပြည်လုံးမှာရှိတဲ့ တောင်သူလယ်သမားထုတရပ်လုံး လက်မှတ်ထိုးပြီး နိုင်ငံတော်ကို တင်ပြီး တောင်းဆိုဖို့ အစီအစဉ် ရှိပါတယ်။”

မြန်မာနိုင်ငံတ၀န်းလုံးက တောင်သူလယ်သမားတွေဆီက လက်မှတ်ကောက်ခံစုဆောင်းမှုတွေကိုတော့ ဖေဖော်ဝါရီ ၂ ရက်နေ့ ကစလို့ ပြည်နယ်နဲ့ တိုင်းတွေမှာ လှည့်လည်ပြုလုပ်မှာဖြစ်ပြီး မတ် ၂၇ ရက်နေ့မှာ တောင်သူလယ်သမား ညီလာခံကြီးတခု ကျင်းပပြီး အစိုးရကို တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကလည်း တောင်သူလယ်သမားနေ့ဟာ တောင်သူလယ်သမား လှုပ်ရှားမှုတွေ ဖြစ်ပွားခဲ့တဲ့ အထင်ကရနေ့တွေကို သတ်မှတ်ရင် ပိုအဓိပ္ပာယ်ရှိမယ်လို့ ပြောပါတယ်။

“မတ်လ ၂ ရက်နေ့ထက်စာရင် တောင်သူလယ်သမားတွေ တခြား ထင်ရှားတဲ့လှုပ်ရှားမှုတွေ ရှိတယ်။ အဲဒါတွေ ရွေးချယ်ပြီး ပြန်ပြီး သတ်မှတ်ရင် ပိုသင့်တော်မယ်ထင်တယ်။ တောင်သူလယ်သမားတွေ ရှေးကပြုလုပ်ခဲ့တဲ့ ဆရာစံလှုပ်ရှားမှုလို၊ နယ်ချဲ့တိုက်ဖျက်မှုတွေမှာ ထင်ရှားတဲ့ လှုပ်ရှားမှုတွေရှိခဲ့တယ်။ အဲရက်တွေကို ပြန်ရွေးချယ်သတ်မှတ်ပေးရင်တော့ တောင်သူလယ်သမားတွေအတွက် ပိုအဓိပ္ပာယ်ရှိမယ်။”

အစိုးရဆီမှာ အဆိုပြုတောင်းဆိုမယ့် တောင်သူလယ်သမားနေ့သစ်ကိုတော့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ တိုင်ပင်ပြီး ရွေးချယ်ထားတဲ့အကြောင်း၊ လယ်သမားတော်လှန်ရေးစတင်တဲ့နေ့ကို ရွေးချယ်ဖွယ် ရှိတဲ့အကြောင်းနဲ့ မကြာခင် ဒီရက်ကို ကြေညာသွားဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ချုပ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013