DVB Logo
Home
မြန်မာသတင်း
ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံ အရင်းအနှီးနှင့်နည်းပညာပိုင်း လိုအပ်ချက်များဆဲဟု အတိုင်ပင်ခံပြော
DVB
·
November 23, 2019
Donate to DVB

နိုင်ငံတခု စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ၂ ရပ်ပူးပေါင်းအကောင်အထည်ဖော်နေပေမယ့် ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံဟာ အရင်းအနှီးနဲ့ နည်းပညာပိုင်း လိုအပ်ချက်များဆဲပဲလို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

နိုဝင်ဘာ ၂၂ ရက်က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ (MICC-2) မှာလုပ်တဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ နှစ်တရာပြည့်အထိမ်းအမှတ် အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

“ကျမတို့လို ဖွံ့ ဖြိုးဆဲနိုင်ငံတွေအနေနဲ့ အရင်းအနှီးနဲ့ နည်းပညာပိုင်းမှာ လိုအပ်ချက်တွေ များပါတယ်။ ဒါ့ကြောင့် နည်းပညာနဲ့အရင်းအနှီးရရှိနိုင်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို နိုင်ငံအသီးသီးက အပြိုင်အဆိုင် ဖိတ်ခေါ်နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတခု စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ကဏ္ဍစုံရဲ့ မျှော်မှန်းချက်တွေချပြီး ဆောင်ရွက်ရာမှာ ငွေကြေး အရင်းအနှီး၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်၊ အခြေခံ အဆောက်အဦ လိုအပ်ချက်တွေကို နိုင်ငံရဲ့အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ၂ ရပ်စလုံး ပူးပေါင်းပြီး အကောင်အထည်ဖော်ဖြည့်ဆည်းရာမှာ အကန့်အသတ်တွေ ရှိနေတယ်လို့ အတိုင်ပင်ခံက အသိပေး ပြောဆိုခဲ့ပါတယ်။

ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ထည့်သွင်း အသုံးပြုရေးအတွက် မူဝါဒများနဲ့ စည်းမျဉ်းများချမှတ်ဖို့ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၀၁၈-၂၀၃၀ (Myanmar Sustainable Development Plan 2018-2030) ကို ၂၀၁၈ ခုနှစ်မှာ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဖို့ လွယ်ကူမှု ၂၀၂၀ အစီရင်ခံစာမှာ တိုးတက်မှုအကောင်းဆုံးနိုင်ငံ ၂၀ မှာ မြန်မာနိုင်ငံပါဝင်ခဲ့တဲ့အတွက် ရလဒ်ကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး လုပ်ငန်းကဏ္ဍအသီးသီး၊ ပုံစံအသီးသီးတို့မှာ ပိုမိုလွယ်ကူစွာ လုပ်ကိုင် ဆောင်ရွက်နိုင်စေရေးအတွက် ဆက်လက်အားစိုက်ကြိုးစားသွားကြဖို့ လိုအပ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက သတိပေးခဲ့ပါတယ်။

“ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အရှိန်အဟုန် တိုးတက်စေဖို့ နှေးကွေးမှုတွေနဲ့ အတားအဆီးတွေကိုလည်း ဖယ်ရှားရေးလုပ်ငန်းစဉ်တွေနဲ့ ဆောင်ရွက်နေပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်စေဖို့ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍအသီးသီးကို အထောက်အကူပေးနိုင်ရေး ဒုတိယသမ္မတ ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေးကော်မတီကို ၂၀၁၆ ခုနှစ်မှာ ဖွဲ့စည်းထူထောင်ခဲ့တဲ့အပြင် ပုဂ္ဂလိကလုပ်ငန်းရှင်တွေ စုဝေးရာ UMFCCI ဟာလည်း ညီနောင်အသင်း  ၇၅ သင်းကို ဖွဲ့စည်းတည် ထောင်ခဲ့ပြီး တိုင်းဒေသကြီး၊ ပြည်နယ်တွေနဲ့လုပ်ငန်းကဏ္ဍအသီးသီးမှာ ဖြန့်ကြက်ထားသလို နိုင်ငံတကာဆက်ဆံရေးမှာလည်း နိုင်ငံအသီးသီးက ကုန်သည်အသင်းများ၊ စီးပွားရေးအဖွဲ့အစည်းများနဲ့ နားလည်မှုစာချွန်လွှာ ၁၆၇ ခု လက်မှတ်ရေးထိုးထားပြီး စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေး‌တွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့ အဲဒီအခမ်းအနားက သိရပါတယ်။

မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ကို ၁၉၁၉ ခုနှစ်က ဗမာကုန်သည်များအသင်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ  ပြည်ထောင်စုဗမာနိုင်ငံတော် ကုန်သည်များနှ င့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UBCCI) အဖြစ် ထိုမှ ၁၉၈၉ ခုနှစ်ကစပြီး ဈေးကွက်စီးပွားရေးစနစ်ကို ဦးတည်လာချိန်မှာ အခုအမည်ကို ပြောင်းလဲပြီး နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒ အပြောင်းအလဲများအပေါ် ပြည်တွင်းရှိ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်တွေ ရှင်သန်တိုးတက်ရပ်တည်နိုင်ဖို့ကို ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

အသင်းချုပ် နှစ်တရာပြည့် အထိမ်းအမှတ် အခမ်းအနားကို လွှတ်တော်နှစ်ရပ်က ဒုဥက္ကဋ္ဌတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေ၊ သံအမတ်ကြီးတွေ၊ နိုင်ငံတကာစီးပွားရေးအဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံခြားကုန်သည်တွေ တက်ရောက်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013