မြေပုံတွင်တပ်မတော်က စစ်ရဟတ်ယာဉ် ၂ စီးဖြင့် တိုက်ခိုက်
ဝဏ္ဏခွာညို
·
November 22, 2019

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးတိုက်နယ်၊ ညောင်ကန်ကျေးရွာအနီး တဝိုက်ကို ဒီကနေ့ နိုဝင်ဘာ ၂၂ ရက် ၁၂ နာရီလောက်က တပ်မတော်က စစ်လေယာဉ် နှစ်စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက“ရဟတ်ယာဉ် နှစ်စီးနဲ့ အပေါ်ကနေ ဝဲပြီးတော့ ပစ်ခတ်တာလို့ပြောတယ်။ ပစ်ခတ်မှုကတော့ ၁၅ မိနစ်လောက်ကြာတယ်လို့ပြောတယ်။ အနီးအနားက ကျေးရွာအနားတွေကိုပစ်ခတ်တယ်။ ဘယ်ကိုထိတယ်ဆိုတာတော့မသိရသေးဘူး။ အခုအချိန်ထိတော့ အသေအပျောက်စာရင်း၊ အထိအခိုက်စာရင်းတွေ မသိရသေးဘူး။”လို့ ပြောပါတယ်။
ကမ်းထောင်းကြီးတိုက်နယ် ကျေးရွာအနားက ၂ မိုင်လောက်သာကွာဝေးတဲ့ ညောင်ကန် ကျေးရွာ၊ တောင်ပေါက်ကျေးရွာ၊ ကျေးရွာနားတဝိုင်း အထက်ကနေတပ်မတော်က ရဟတ်ယာဉ် နှစ်စီး လာရောက်ဗုံးကြဲတိုက်ခဲ့တာတာလို့ ညောင်ကန်ကျေးရွာသားတဦးက ပြောဆိုပါတယ်။
“ကျနော်တို့ရွာထက်ကနေ ပစ်ခတ်တာ ၁၅ မိနစ်လောက်ကြာတယ်ထင်တာပဲ၊ လေယာဉ်လာ တော့ အကုန်ဝပ်နေကြတယ်။ ရွာထဲမှာတော့ ဘာမှထိခိုက်ဒဏ်ရာတဲ့ အခြေအနေ မကြားမိ သေးဘူး။ အဲ့ဒီ ညောင်ကန်ကျေးရွာအနားတွေမှာ မီးသွေးဖုတ်တဲ့ လုပ်ငန်းတွေရှိတယ်။ ပြီးတော့ လယ်လုပ်နေတဲ့သူတွေ ရှိတယ်။ တံငါလုပ်နေတဲ့သူတွေ ရှိတယ်။ သူတို့အခြေအနေ ဘယ်လိုရှိတယ်ဆိုတာတော့ ကျနော်တို့ မသိရသေးဘူး။ ရွာသားတွေကိုတော့ ရွာအပြင်ဘက် မထွက်ကြဖို့နဲ့ ကိုယ့်ရဲအိမ်တွေ ဗုံးတွင်းထဲမှာနေကြဖို့ မှာထားတယ်ဗျ။
အခုကိစ္စပတ်သက်လို့ အနောက်ပိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး က “တိုက်ပွဲဖြစ်တာ မရှိပါဘူး။ ရဟတ်ယာဉ်တော့ လေ့ကျင့်ပျံသန်းတာရှိတယ်။ ကင်းထောက်ပျံသန်း တာပဲ ရှိတယ်။ မသင်္ကာတဲ့နေရာတွေ တွေ့ရင်တော့ပစ်သွားမှာပေါ့” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်က တကြိမ် ၁၉ ရက်နေ့တကြိမ် တပ်မတော် စစ်ရဟတ်ယာဉ်တွေနဲ့ မြေပုံမြို့နယ် ရွာသာယာအနီး တိုက်ခိုက်ခဲ့ပြီးနောက် ရွာသာယာကျေးရွာ၊ ဝက်ရူးကျေးရွာအပါဝင် အနီးအနားက ကျေးရွာဒေသခံ ၇၀၀ နီးပါးမြေပုံမြို့ကို ထွက်ပြေးလာကြ ပါတယ်။