DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုဝန်ကြီး ၃ ဦးနှင့် အန်ဂျီအိုအဖွဲ့များ တွေ့ဆုံ
DVB
·
January 27, 2013
ပြည်ထောင်စုဝန်ကြီး ၃ ဦးနှင့် အန်ဂျီအိုအဖွဲ့များ တွေ့ဆုံ
1 / 2
Donate to DVB

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီး ၃ ဦးနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၄၆ ခုတို့ ဇန်န၀ါရီ ၂၇ ရက်နေ့က ရန်ကုန်မြို့က ငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံခဲ့ပါတယ်။

ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်းနဲ့ ဦးခင်ရီတို့ တက်ရောက်ခဲ့ကြပြီး၊ အရပ်ဘက်အဖွဲ့အစည်းတွေဘက်က ၁ ဖွဲ့ကို ၁ ဦး တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တက်ရောက်လာတဲ့ အဖွဲ့တွေထဲက အဖွဲ့ ၂၁ ဖွဲ့  ပြောခွင့်ရခဲ့ပြီး အပြန်အလှန် ဆွေးနွေး ပြောဆိုခွင့်ရကြောင်း ဆွေးနွေးပွဲကို တက်ခဲ့တဲ့ အလင်းစေတမန်အဖွဲ့ဝင် ကိုရဲဇင်က “တည်ထားတာကလည်း ငြိမ်းချမ်းရေးကိစ္စတွေပဲဆိုတော့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စတွေ ပြောကြတာများတယ်။ နောက်တခုက ကချင်ပြည်နယ်မှာ တွေ့ဆုံဆွေးနွေးဖို့ကိစ္စမှာ အမျိုးသမီးတွေ ပါဖို့ ပြောတယ်။ နောက် အန်ဂျီအိုတွေနဲ့ ပေါင်းလုပ်မယ်ဆိုတာ ဘယ်အချိန်ပေါင်းလုပ်မလဲဆိုတာ ပြောတယ်။ ဦးစိုးသိန်းတို့ပြောတဲ့သဘောကတော့ ကချင်ပြည်နယ်ဘက်ကို ၀င်တာထက်စာရင် ငြိမ်းချမ်းနေပြီဖြစ်တဲ့ ကရင်ပြည်နယ်ဘက်ကို ၀င်ပြီး အန်ဂျီအိုလုပ်ငန်းတွေလုပ်သင့်တယ်ပေါ့။ သူတို့က ကချင်မှာက အပစ်အခတ်လည်း မရပ်စဲရသေးတော့ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေ၊ မိုင်းရှင်းတာတွေ ဘာမှမလုပ်ရသေးဘူးပေါ့။ အပစ်ခတ်လည်း မရပ်စဲရသေးတော့ ကချင်ကတော့ အန္တရာယ်ရှိတဲ့နေရာဖြစ်နေတဲ့ ပုံစံမျိုးတော့ ပြောသွားတယ်။”

လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ပြည်ထောင်စုဝန်ကြီး ၃ ဦးကလည်း အန်ဂျီအိုတွေနဲ့ အစိုးရအဖွဲ့ ပိုမိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုလားတယ်လို့ ပြောကြောင်း ကိုရဲဇင်က ဆိုပါတယ်။

“၀န်ကြီး ၃ ယောက်လုံးကတော့ အန်ဂျီအိုတွေကို ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြောသွားတယ်။ တချို့အဖွဲ့တွေက ငွေကြေးထောက်ပံ့ပေးချင်ပေမယ့် အစိုးရကို မယုံကြည်လို့ မထောက်ပံ့ဘူး။ အဲတော့ အန်ဂျီအိုတွေက အဲနေရာကိုဝင်ပေးပြီး ကူညီလုပ်ဆောင်ပေးဖို့ သဘောပြောတယ်။ အခုအချိန်က ပထမအကြိမ်တွေ့တာဆိုတော့ အောင်မြင်မှုတော့ ရချင်မှရမယ်။ ဒါပေမယ့် ဒီထက် ထိတွေ့ပြီး ပိုကောင်းတာတွေဖော်ဆောင်မယ်ပေါ့။ ဒါထက်ပိုမမျှော်လင့်ပါနဲ့ဦးပေါ့။ အခုက ပြောခွင့်ရတာ ပထမဆုံးပဲလို့ပြောတယ်။”

ပြည်ထောင်စုဝန်ကြီး ၃ ဦးနဲ့ တွေ့ဆုံပွဲကို ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီနဲ့ မျိုးဆက်သစ်လူငယ်အဖွဲ့တွေလည်း တက်ရောက်ခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂနဲ့ အစိုးရကြားမှာ ပူးပေါင်းဆောင်ရွက်မယ့်အခြေအနေနဲ့ပတ်သက်ပြီး တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဖြစ်မြောက်ရေး ကော်မတီဝင် ကိုဒီငြိမ်းလင်းက “ကျောင်းသားသမဂ္ဂနဲ့ အစိုးရ ဘယ်လောက်ထိ ပူးပေါင်းဆောင်ရွက်လို့ရမလဲဆိုတော့ ကျနော်တို့ ပြောပြီးသားဖြစ်တယ်။ ကျနော်တို့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းမှာ ပါဝင်ချင်တယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းတွေ၊ ပြည်တွင်းငြိမ်းချမ်းရေးလမ်းကြောင်းတွေမှာ အားလုံးနဲ့အတူတူ တတပ်တအား ကိုယ်စွမ်းကိုယ်စရှိသမျှ ပါဝင်ချင်ပါတယ်။ ဒါပေမယ့် အခုအချိန်ထိ ကျနော်တို့ ၂၀၀၇ သံဃာအရေးအခင်းပါဝင်ခဲ့တဲ့ ကျောင်းသားတွေ ကျောင်းပြန်တက်ခွင့်မရသေးဘူး။ ကျောင်းသားသမဂ္ဂတွေ တရားဝင်ဖွဲ့စည်းခွင့်၊ တရားဝင်လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးမထားဘူး။ ဒါကြောင့် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့အတွက် အခက်အခဲရှိနေပါသေးတယ်။ အစိုးရအနေနဲ့ ကျောင်းသားတွေအပေါ်မှာ ဖြေလျော့မှုတွေလုပ်ပေးမယ်။ ကျနော်တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းချက်တွေရှိလာမှ ပူးပေါင်းလုပ်ဆောင်လို့ ရမှာပါ။ အခုကတော့ ကျနော်တို့ဘက်ကပဲ ကမ်းလှမ်းထားတယ်” လို့ ပြောပါတယ်။

ဆွေးနွေးအပြီး ဒီဗွီဘီသတင်းထောက်နဲ့ တွေ့ဆုံရာမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကချင်စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ  သတင်းထောက်တွေ့နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ  တွေ့ဆုံအပြီး ၁ ပတ်အကြာမှာ အခုလို ပြည်ထောင်စုဝန်ကြီးတွေနဲ့ တွေ့ဆုံတာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013