
ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဖြစ်တဲ့ သံစျေးဟာ တနှစ်အတွင်း နှစ်ဆမြင့်တက်လာလို့ အခက်အခဲရှိလာတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။
စျေးနှစ်ဆမြင့်တက်လာတဲ့အပြင် စျေးကွက်ထဲမှာ ပစ္စည်းရှားပါးလာတာကြောင့် လုပ်ငန်း ဆက်လည်ပတ်ဖို့ အခက်အခဲတွေရှိလာတယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်က “သံတွေက စျေးကွက်ထဲမှာ ရှားပါးလာတယ်။ စျေးကလည်း နှစ်ဆလောက်တတ်လာတယ်။ နောက်တခုက ကျောက်စျေးတွေကအစ တရိပ်ရိပ် တက်လာတာ။ တခေါက်မှာရင် စျေးကမတူတော့ဘူး။ အချိန်မရွေးပြောင်းနေတာ။ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေက အကုန်စျေးတတ်လာတာ။ အဆင်မပြေဘူး။ လုပ်ငန်းတွေက ဆက်လုပ် ရမလို ရပ်ရမလိုတွေဖြစ်နေတယ်” လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ်ကုန်ပိုင်းလောက် သံတတန်ကို ကျပ်သိန်း ၃၀ အောက်ဈေးပေါက်ခဲ့ပြီး လက်ရှိမှာတော့ ၅၅ သိန်းအထက်၊ ကျောက်တကျင်းကတော့ ၂ သိန်းခွဲကျပ်ကနေ ၅ သိန်းကျပ် ၀န်းကျင်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆောက်လုပ်ရေးကုန်ကျစရိတ် မြင့်တက်လာတာ၊ မြေဈေးနှုန်းမြင့်မားနေတာနဲ့ တိုက်ခန်း လိုအပ်ချက် ဆက်ရှိနေတာတို့ကြောင့် လက်ရှိတိုက်ခန်းဈေးနှုန်းတွေ ကျဆင်းဖို့ထက် ဆက်မြင့် တက်နိုင်တဲ့ အခြေအနေမှာ ရှိနေနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
သံအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းတွေကို တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ ကိုရီးယားနိုင်ငံတို့ကနေ အဓိကတင်သွင်းနေတာဖြစ်ပါတယ်။











