DVB Logo
Home
Lead Story
‘ဘရိတ်မပါတဲ့ကား’သီချင်းဖြင့် အိုင်ဒေါညကိုလှုပ်ခတ်စေခဲ့သည့် အက်စတာဒေါ့သ်ချင်းဆုန်(ရုပ်သံ) 
DVB
·
November 22, 2019
‘ဘရိတ်မပါတဲ့ကား’သီချင်းဖြင့် အိုင်ဒေါညကိုလှုပ်ခတ်စေခဲ့သည့် အက်စတာဒေါ့သ်ချင်းဆုန်(ရုပ်သံ) 
Donate to DVB

       “ကိုယ်ရဲ့ကားလေးကို မောင်းနှင်လာတုန်းပေါ့… မင်းကိုမြင်တွေ့လိုက်ချိန်မှာတော့… ခြေ လက်တွေ အားလုံးလည်း သတိလွတ်ထိန်းချုပ်မဲ့… မီးနီဖြတ်ကာ မောင်းခဲ့မိတာပါ”

       ဒါကတော့ တချိန်က နှုတ်ခမ်းနီမလေးတွေ အသည်းစွဲအဆိုတော် သရုပ်ဆောင် မင်းသား စိုးသူရဲ့ နာမည်ကြီးသီချင်းတပုဒ်ထဲက တေးသွားတွေ ဖြစ်ပါတယ်။

       တေးရေးမင်းချစ်သူ ရေးစပ်ခဲ့တဲ့ ‘ဘရိတ်မပါတဲ့ကား’အမည်ရတဲ့ ဒီသီချင်းကိုတော့ မြန်မာအိုင်ဒေါရဲ့ ပြိုင်ပွဲစင်မြင့်ထက်မှာ ပြိုင်ပွဲဝင် အက်စတာဒေါ့သ်ချင်းဆုန်ရဲ့ တမူထူး ခြားတဲ့ သီဆိုဟန်နဲ့ တကျော့ပြန် ရှုစားခဲ့ကြရတာပါ။

       “ကိုယ့်နှလုံးသားလေးဟာ ဘရိတ်မရှိတဲ့ကား… အချစ်များနဲ့ မောင်းနှင်လာပြီဟေ့… ကိုယ့်အ သည်းနှလုံးသားလေးဟာ ဘရိတ်မရှိတဲ့ကားလို… မင်းဆီပဲ တလမ်းထဲ မောင်းနှင်မယ်”

       ပရိသတ်တွေအကြား ရေပန်းစားအားပေးမှုတွေနဲ့ ရှေ့ဆက်လာခဲ့တဲ့ မြန်မာအိုင်ဒေါသီချင်း ဆိုပြိုင်ပွဲကို ကျင်းပလာခဲ့တာ ခုတပတ်ဟာ စတုတ္ထမြောက်သီတင်းပတ် ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ခုသီတင်းပတ်မှာတော့ Top Finalists ၈ ယောက်ဖြစ်ကြတဲ့ ယောကီး၊ ဘင်ဂျမင်ဆုန်း၊ နော်စေးစေးထူး၊ တန်ခွန်ကျော်၊ ထက်အဉ္စလီ၊ အက်စတာဒေါ့သ်ချင်းဆုန်၊ မူးလာနဲ့ အေးမြဖြူတို့က ကန်းထရီးကျေးလက်သီချင်းတွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြ တာပါ။

    Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေး နေကြတာဖြစ်ပြီး Host အနေနဲ့  Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်ခဲ့တဲ့ ကျော် ထက်အောင်ကပဲ တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

       ချင်းတိုင်းရင်းသူလေး အက်စတာဟာ မြန်မာအိုင်ဒေါရဲ့ Performance Show မှာတော့ တေးသံရှင် ချောစုခင်ရဲ့ ‘ကိုယ့်အတွက်အိပ်မက်မင်းမက်လား’၊ ဒုတိယ သီတင်း ပတ် Rock Week မှာတော့ တေးသံရှင် ကော်နီရဲ့ ‘ရင်ကိုဖွင့်လိုက်စမ်း’၊ အမှတ်တရ တက္ကသိုလ်သီချင်းတွေနဲ့ တတိယသီတင်းပတ်မှာတော့ တေးသံရှင်မဒီရဲ့ ‘အချစ်တွေနဲ့ လွမ်းနေတယ်’သီချင်းတွေနဲ့အစွမ်းပြယှဉ်ပြိုင်ခဲ့ပြီး တဆင့်ပြီးတဆင့် တက်လှမ်းလာ နိုင်ခဲ့တာပါ။

“အို မီးပွိုင့် မျဉ်းကျားမရှိ… ယဉ်ထိန်းတွေကလဲမသိ… အချစ်တွေ အမြန်ဆုံး မောင်းနှင်လာပြီလေ… ကိုယ်ပန်းတိုင်ရောက်တော့ကွယ်… အမောပြေသွားဖို့ရယ်… မင်း လေးဆီးကြိုမှာလား... ချစ်သူလေးရယ်”

       မြူးကြွတဲ့ ကန်းထရီးဂီတသံစဉ်တွေကြားက အက်စတာရဲ့ သီဆိုဖျော်ဖြေမှုဟာ ဒိုင် တွေကိုရော ပရိသတ်တွေကိုပါ ကျေနပ်အားရမှုအပြည့်အဝပေးနိုင်ခဲ့ပြီး အပေးအယူမျှမျှနဲ့ အစွမ်းပြယှဉ်ပြိုင်နိုင်ခဲ့တာကို တွေ့ရပါတယ်။

       သူ့ရဲ့ သီဆိုယှဉ်ပြိုင်မှုအဆုံး ဒိုင်တွေက မှတ်ချက်ပေးချိန်မှာတော့ ဒိုင်တွေက တဉီး ဖြစ်တဲ့ အောင်ကိုလတ်က “Your Country Mood is very very excellent”လို့ မှတ်ချက် ပေးခဲ့ပြီး ဖြူဖြူကျော်သိန်းကတော့ “သမီးရဲ့ ဩတောတော၊ ရှတတအသံလေးက ဒီတပတ်မှာ ပိုတောင်ထွက်လာသေးတယ်။ အရမ်းမိုက်တာပဲ”လို့ ချီးကျူးမှတ်ချက်တွေ ပေးခဲ့ကြတာပါ။

ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ အဆုံးအဖြတ်ပေးမယ့် အခုညရဲ့ Result Show မှာတော့ ပြိုင်ပွဲဝင် Top finalists ၈ ယောက်ထဲက ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် ဆက်လက်ပြီးတော့ တက်လှမ်းသွားနိုင်မလဲ၊ သူတို့ထဲက ဘယ်သူက ပြိုင်ပွဲကနေ လက်ပြ နှုတ်ဆက်သွားရမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013