DVB Logo
Home
မေးမြန်းခန်း
သတင်းမီဒီယာ ကျင့်ဝတ်၊ ပုံနှိပ်နဲ့ မီဒီယာဥပဒေမူကြမ်းတို့နဲ့ ပတ်သက်ပြီး မေးမြန်းချက်
DVB
·
January 27, 2013
Donate to DVB

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲထားတဲ့ သတင်းမီဒီယာ ကျင့်ဝတ်၊ ပုံနှိပ်နဲ့ မီဒီယာဥပဒေမူကြမ်းတို့နဲ့ ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတခု ရန်ကုန်မှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။

ဒီအကြောင်း စာနယ်ဇင်းကောင်စီယာယီက ပြန်ကြားရေးတာဝန်ခံ ဆရာသီဟစောကို ဆက်သွယ်မေးမြန်းထားပါတယ်။

စာနယ်ဇင်းကောင်စီကနေ မီဒီယာကျင့်ဝတ်ရယ် မီဒီယာဥပဒေမူကြမ်းရယ်ကို စာနယ်ဇင်းလောကသားတွေကို ချပြတာပါလား။

“အဲလိုပြောလို့ရပါတယ်။ စာနယ်ဇင်းလောကသားတွေဆိုတာ သတင်းဂျာနယ်ပေါင်းစုံက လူတွေရော၊ စာရေးဆရာတွေရော၊ စာရေးဆရာအသင်းတို့နဲ့ ပုံနှိပ်သူများအသင်း စသည်ဖြင့် မီဒီယာတွေနဲ့နွယ်တဲ့ အဖွဲ့အစည်းတွေရော၊ လူတဦးချင်းစီရော ဖိတ်တယ်။ သူတို့ကို ကျနော်တို့ရေးထားပြီးသား ကျင့်ဝတ်တွေနဲ့ မီဒီယာဥပဒေ အကြမ်းထည်ပေါ့ အချောမသတ်ရသေးဘူး။ ဒါကို ချပြပြီးဆွေးနွေးကြတယ်။”

အဓိက ဘယ်အပိုင်းတွေ ဆွေးနွေးကြလဲ။

“မနက်ပိုင်းမှာ ကျင့်ဝတ်ဆိုင်ရာတွေ ပြောပြတယ်။ ဘာကြောင့် ရေးထားတယ်။ ဘာတွေ ရေးထားတယ်။ နောက် အဲဒါတွေကို feedback ပေးတယ်။ ပြန်ပြီး နားမလည်တာမေးတာ၊ အကြံပြုတာတွေ လုပ်တယ်။ ညနေပိုင်းမှာ ဥပဒေ။ ကျနော်တို့လုပ်ထားတာ ၇ ခုပေါ့။ အဲဒါကို တခုချင်းရှင်းပြတယ်။ သူတို့ ဆွေးနွေးချင်တာတွေ ဆွေးနွေးကြတယ်။ တော်တော် စိတ်ဝင်စားဖို့ကောင်းပါတယ်။ အကြံပြုတဲ့အထဲမှာ ဥပဒေပညာရှင်တွေလည်း ပါတယ်။ ရှေ့နေတွေလည်း ပါတယ်။ စာနယ်ဇင်းလောကသားတွေလည်း ပြောကြတယ်။”

အဲထဲက မီဒီယာအတွက် အရေးကြီးတဲ့အချက် ဆွေးနွေးခဲ့တာ ပြန်ပြောပြပေးပါ။

“မီဒီယာသမားတွေဘက်က ဘာပြောလဲဆိုရင် မီဒီယာသမားတွေကို ကာကွယ်တဲ့ ရပိုင်ခွင့်နဲ့ အကာကွယ် အဓိက ပြောကြတယ်။ ဘာတွေပါသင့်တယ်ဆိုတာ ထောက်ပြကြတာရှိတယ်။ ကျနော်တို့လည်း တော်တော် ပြည့်စုံအောင်ရေးထားတယ်၊ နိုင်ငံခြားက ဥပဒေတွေလည်း လေ့လာတာပေါ့။ ဒါပေမယ့် ဒီမှာရှိတဲ့ လက်ရှိအခြေအနေနဲ့ ကိုယ့်ခံစားချက်လေးတွေ ပြောကြတာပေါ့။ နောက်တခုက လက်ရှိမီဒီယာဥပဒေမှာ အပြစ်ဒဏ်အခန်းမပါဘူး။ ကျနော်တို့က အပြစ်ဒဏ်မရေးထားဘူး။ တချို့ကလည်း ဥပဒေရေးပြီဆိုရင် အပြစ်ဒဏ်တွေပါသင့်တယ်ပေါ့။ Access to information တို့။ Right to reply တို့ ဒါတွေမလိုက်နာရင် တစုံတရာအရေးယူမှု ရှိသင့်တယ် အဲဒါမျိုး အကြံပြုတာရှိတယ်။”

ပွဲပြီးရင် မူကြမ်းတို့ ကျင့်ဝတ်တို့နဲ့ပတ်သက်ပြီး ရှေ့ဆက်ဘာလုပ်သွားဖို့ရှိပါလဲ။

“ကျနော်တို့ ၂ ပတ် အချိန်ပေးထားတယ်။ ဥပမာ မြန်မာနိုင်ငံ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ လုပ်ငန်းရှင်များအသင်းဆိုရင် သူတို့ကို တရားဝင်ဖိတ်ထားပြီးပြီ။ ပြောထားပြီးပြီဆိုတော့ သူတို့ကလည်း သူတို့လူတွေနဲ့ ပြန်ဆွေးနွေးပြီး အကြံပို့ကြမယ်။ တဦးချင်းစီလည်း အကြံဥာဏ်တွေ ပို့လို့ရပါတယ်။ ပြည်တွင်းနဲ့ ပြည်ပရော ပို့လို့ရပါတယ်။ အဓိကက ကျနော်တို့ဆီကို ၂ ပတ်အတွင်းမှာ စာနဲ့ဖြစ်စေ၊ အီးမေးလ်နဲ့ဖြစ်စေ၊ ဖက်စ်နဲ့ဖြစ်စေ ပို့လို့ရတယ်။ အဲဒါတွေအကုန် ပြန်စုစည်းပြီး ကျနော်တို့ ပြန်အချောကိုင်မယ်။ ဒါတွေအဆင့်အဆင့်ပြီးလို့ လုံးဝအချောသပ်ပြီးရင်တော့ ၀န်ကြီးဌာနနဲ့ လွှတ်တော်ကို တင်ရမယ်။”

၂ ပတ်အချိန်ယူပြီးရင် လွှတ်တော်နဲ့ ၀န်ကြီးဌာနကို တင်ဖို့ အချိန်ဘယ်လောက်ယူမလဲ။

“အကုန်လုံး ကျနော်တို့ဘက်က အချောသပ်ပြီးပြီဆိုရင်တော့ ပို့လိုက်ရုံပဲ။ ကျနော်တို့ဘက်က ကျေနပ်ပြီ။ မီဒီယာလောကသားတွေအကုန်လုံး ပြောချင်တာတွေ၊ ပါချင်တာတွေပါပြီ ဆိုရင် ပို့မယ်။ ဟိုဘက်က လုပ်ငန်းစဉ်တော့ မသိဘူး။ လာမယ့် ၂ လ-၃ လအတွင်း ကျနော်တို့ဘက်က အပြီးသတ်မှာ သေချာတယ်။”

အချောသပ်ပြီးတဲ့ ကျင့်ဝတ်နဲ့ မူကြမ်းကိုရော မီဒီယာလောကသားတွေကို ပြန်မချပြတော့ဘူးလား။

“အဲဒါ စဉ်းစားထားတာတော့ ရှိပါတယ်။ လောလောဆယ် ၀က်ဘ်ဆိုက်နဲ့ Facebook လုပ်ထားတာရှိတယ်။ အဲကနေ နောက်ဆုံးလုပ်ပြီးပြီဆိုရင် ပြောပြမှာပါ။ လောလောဆယ် မစီစဉ်ရသေးဘူး။ တော်တော်များများ ပြောကြတာတွေကို စုစည်းပြီးတော့ ဘယ်အချက်တွေကတော့ ဦးစားပေးသင့်တယ်။ ဘယ်အချက်တွေက စဉ်းစားသင့်တယ် စသဖြင့်ပေါ့။ ဒါတွေက တဆင့်ချင်းလုပ်ရမယ်။”

တခြား ဘာပြောချင်တာ ရှိပါလဲ။

“စာနယ်ဇင်းကောင်စီယာယီကနေ ဥပဒေကြမ်းရေးရာမှာ ပါဝင်ခွင့်ရတယ်။ အရင်ကဆို မရဘူး။ တခြား ၀န်ကြီးဌာနတွေလည်း မရဘူးဆိုတော့ မီဒီယာလောကသားတွေ ၀ိုင်းအကြံဥာဏ်ထည့်ပြီး ရေးခွင့်ရတာ ထူးခြားတဲ့ အခွင့်အရေးတခုပဲ။ ဒါဟာ မီဒီယာလောကသားတွေနဲ့ဆိုင်တာ ဒါကို မီဒီယာလောကသားတွေအများစုနဲ့ State holders တွေ ပြောခွင့်ရေးခွင့်ရတယ်ဆိုတာဟာ ထူးခြားတဲ့အခွင့်အရေးတရပ်ပေါ့။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013