
ကမ္ဘာအရပ်ရပ်မှာ ဆန့်ကျင်ဘက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်သူတွေထဲက အကြောင်း အမျိုးမျိုးနဲ့သေဆုံးသွားတဲ့ LGBTတွေအတွက် မန္တလေးမြို့မှာ ကျင်းပတဲ့ အောက်မေ့ဖွယ်အခမ်းအနားမှာ တမာပင် ၁၂၀ ကျော်စိုက်ခဲ့ကြပါတယ်။
၇ ကြိမ်မြောက်လုပ်တဲ့ အဲဒီအောက်မေ့ဖွယ်အခမ်းအနားကို မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်၊ သတ္တဌာနမိုးကုတ်ရိပ်သာမှာ နိုဝင်ဘာလ ၂၀ရက်က ပြုလုပ်ခဲ့တာပါ။
LGBT Right Networkရဲ့ မန္တလေး တာဝန်ခံ အမေဂမ် (ခ)ကိုအောင်ဇော်ထွန်းက “ဒီနေရာနဲ့ကိုက်တဲ့ တမာပင်တွေကြီးပဲ စိုက်ဖြစ်တယ်ပေါ့။ နောက်လေးငါးနှစ်နေလို့ရှိရင် ဒီနေရာ လေးက LGBT တောအုပ်လေးဖြစ်သွားမယ်ပေါ့။ အဲတော့ မေဂမ်တို့က LGBTတွေ ဒီမှာစုပြီးတော့ အစည်းအဝေးလေးလုပ်ချင်တာပဲဖြစ်ဖြစ်၊ စကားဝိုင်းလေးလုပ်ချင်တာပဲ ဖြစ်ဖြစ်၊ နေရာလေး အဆင်ပြေမယ်၊ အထူးရှာနေစရာ မလိုဘူးပေါ့။ ပြီးတော့ ကိုယ့်အတွက် သီးသန့်နေရာလေးလည်း ဖြစ်နေမယ်ပေါ့"လို့ ပြောပါတယ်။
အောက်မေ့ဖွယ်အခမ်းအနားမှာ တမာပင်စိုက်ပျိုးခဲ့ကြတဲ့အပြင် ကျောင်းတိုက်က သံဃာ တော်တွေနဲ့ သီလရှင်တွေကိုလည်း ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပါတယ်။
ဒီအခမ်းအနားကို OutRight Action International၊ LGBT Right Network၊ KNQ LGBT Group၊ CAN Myanmar၊ Equality Myanmar၊ PFLAG Myanmar၊ TRY၊ Bright Pride စတဲ့ LGBT အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။
သတင်း- ထိန်ထိန်လင်း











