DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စု ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်မည်ဟု အမျိုးသားနေ့တွင် သမ္မတပြော
DVB
·
November 21, 2019
ပြည်ထောင်စု ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်မည်ဟု အမျိုးသားနေ့တွင် သမ္မတပြော
Donate to DVB

အမျိုးသားရေးစိတ်ဓာတ်နဲ့ ပြည်ထောင်စုစိတ်ဓာတ်တွေ အစဉ်ရှိနေမယ်ဆိုရင် ပြည်ထောင်စု ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။ 

တန်ဆောင်မုန်းလပြည်ကျော် ၁၀ ရက် ဒီကနေ့ ကျရောက်တဲ့ ၉၉ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောသွားတာဖြစ်ပါတယ်။

“နိုင်ငံတော်အစိုးရအနေဖြင့် တစ်မြေတည်းနေ တစ်ရေတည်းသောက် တိုင်းရင်းသားများအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးကို မရမနေ တည်ဆောက်ရာတွင် အမျိုးသားရေးစိတ်ဓာတ်မှာ လွန်စွာအဓိကကျပါသည်။ တိုင်းပြည်နှင့် လူမျိုးအကျိုးကို ထာဝရသယ်ပိုးလိုသည့် အမျိုးသားရေးစိတ်ဓာတ်၊ ဥမကွဲသိုက်မပျက် အတူတကွ အေးချမ်းစွာနေထိုင်လိုသည့် ပြည်ထောင်စု စိတ်ဓာတ်များ အစဉ်ကိန်းအောင်းနေမည်ဆိုပါလျှင် ပြည်ထောင်စုငြိမ်းချမ်းရေး ကို အကောင်အထည်ဖော်နိုင်မည်ဟု အလေးအနက်ယုံကြည်ပါသည်။” လို့ သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ယနေ့အချိန်အခါဟာ အမျိုးသားရေးစိတ်ဓာတ်အခြေခံနဲ့ တိုင်းရင်းသား သွေးစည်းညီညွတ်မှုခိုင်မြဲရေး၊ တိုင်းရင်းသားတို့ရဲ့  စုပေါင်းစွမ်းအားနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးတို့ကို ပြည်သူ တရပ်လုံးက စွမ်းစွမ်းတမံ အကောင်အထည်ဖော်ကြရမယ့် အချိန်ရောက်နေပြီလို့လည်း သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကျောင်းသားတွေက စတင်သပိတ် မှောက်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ်  ၁၉၂၁ ခုနှစ်က မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ ဂျီစီဘီအေအသင်းကြီးရဲ့ နဝမအကြိမ်ညီလာခံမှာ အတည်ပြုဆုံးဖြတ်ခဲ့ တာပါ။

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို နေပြည်တော်အပါအဝင် နိုင်ငံတဝန်းက  မြို့တွေ နယ်တွေအသီးသီးမှာ ကျင်းပပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013