DVB Logo
Home
Lead Story
၉၉ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ရည်မှန်းချက်
DVB
·
November 21, 2019
၉၉ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ရည်မှန်းချက်
Donate to DVB

မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့မှ စတင် ရေတွက်လျှင် အမျိုးသားအောင်ပွဲနေ့အဖြစ်သတ်မှတ်ကျင်းပခဲ့သည်မှာ  ယခုနှစ်တွင် နှစ်ပေါင်း(၉၉)နှစ်ရှိပြီ။ ၁၉၂၀ ဒီဇင်ဘာ ၅ ရက်နေ့ ပထမအကြိမ် ကျောင်းသားသပိတ်မှ မွေးဖွားပေးခဲ့သော နေ့ရက်လည်းဖြစ်ခဲ့သည်။

ထိုနေ့ရက်ကိုသတ်မှတ်လာပုံမှာလည်းစိတ်ဝင်စားစရာပင်။ ပထမသပိတ်ကာလအတွင်း သပိတ်စခန်းမှာပင် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ ( ဒီဇင်ဘာ ၅ ရက်နေ့) ကို  နှစ်စဉ်ကျောင်းသားနေ့အဖြစ်သတ်မှတ်ရန် သပိတ်မှောက် ကျောင်းသားခေါင်းဆောင် ကိုတင့်က အဆိုပြု၍ ကျောင်းသားအားလုံးက တညီတညွတ်တည်း အတည်ပြုဆုံး ဖြတ်ခဲ့သည်။

ဤသို့ဖြင့်နောင်တနှစ်ကြာသောအခါ မန္တလေးမြို့ဂျီစီဘီအေအသင်းကြီးက National Day ခေါ် အမျိုးသားနေ့တနေ့ကို သတ်မှတ်သင့်ကြောင်း၊ ကန်ကြီးထောင့်မြို့မှ ဦးဘသော်ကအဆိုပြု၍ ဦးဘစိန်က သဘော တူထောက်ခံခဲ့သည်။ မည်သည့်နေ့ကိုသတ်မှတ်မည်လဲဟု ဆက်ဆွေးနွေးကြရာ အချို့က သီပေါဘုရင် ပါတော်မူ သောနေ့ကိုသတ်မှတ်ရန် အကြံပြုကြသည်။ 

ထိုစဉ် သပိတ်မှောက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုမြင့်က  “ပါတော်မူနေ့၊ ထောင်ကျသောနေ့တို့မှာ ရှုံးနိမ့်ခြင်းဖြစ်၍ ထိုနေ့များကိုမသတ်မှတ်သင့်ကြောင်း၊ တက္ကသိုလ်အက်  ဥပဒေကို သပိတ်မှောက်ခြင်းသည် ဗြိတိသျှတို့အားပထမဦးစွာ တော်လှန်ပုန်ကန်ခြင်းမည်သည်။ သပိတ်မှောက် ခြင်းသည် ကျောင်းသားကိစ္စသာမဟုတ် မြန်မာတမျိုးသားလုံးအတွက် အမျိုးဘာသာသာသနာ ကြီးပွားရှင်သန်ရန် တော်လှန်ခြင်းဖြစ်သည်။ ထိုနေ့ကိုသာ အမျိုးသားနေ့အဖြစ်သတ်မှတ်သင့်ကြောင်း ” အဆိုပြုခဲ့သည်။

သူ့အဆိုအောင်မြင်သောကြောင့် ၁၉၂၁ ခုနှစ်မှစ၍ နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့ အဖြစ်သတ်မှတ်ခဲ့ကြသည်။ ရက်ကိုလည်း ဒီဇင်ဘာ ( ၅) ရက်ဟူ၍ ခရစ်သက္ကရာဇ်ကို အ‌ခြေမခံဘဲ မြန်မာသက္ကရာဇ်ကိုသ အခြေခံ၍ တန်ဆောင်မုန်းလပြည့်ကျော် (၁၀ ) ရက်အဖြစ်သတ်မှတ်ခဲ့ကြသည်။ ထိုနေ့ထိုအချိန်စ၍  ဦးမြင့်ကိုလည်း ယင်ကိစ္စကိုအကြောင်းပြု၍ နေရှင်နယ်ဦးမြင့်ဟူ၍ သမိုင်းတင်ခဲ့တော့သည်။

အမျိုးသားနေ့ဟူ၍မသတ်မှတ်မီက ဦးစွာပထမ ကျောင်းသားနေ့ဟူ၍သတ်မှတ်ခဲ့သည်။ ၁၉၂၁ တွင် ထိုရက်ကို အမျိုးသားနေ့ဟူ၍ ပိုမိုကျယ်ပြန့်စွာသတ်မှတ်ရာက ကျောင်းသားနေ့ဆိုသော အသုံးကိုမသုံးကြတော့။ အမျိုးသားနေ့ဟုအမည်သညာပြုကာ ကျင်းပခဲ့ကြသည်။ နောက်ပိုင်းတွင် ထိုနေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ်အသိအမှတ်ပြုကာ ရုံးများဈေးဆိုင်များပိတ်၍ အမျိုးသားအောင်ပွဲနေ့ကို ကျင်းပခဲ့ကြသည်မှာ ယနေ့ထိတိုင် အောင်ပင် ဖြစ်သည်။

သူ့ခေတ်သူ့ကာလအရဤအမျိုးသားရေးစိတ်ဖြင့် မြန်မာတနိုင်ငံလုံးလွတ်လပ်ရေးရသည်အထိ အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည်။ သို့သော် လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသော ပြည်တွင်းစစ်မီးကိုကား မငြိမ်းသတ်နိုင်ခဲ့ကြသေး။ ထို့အပြင် ပစ္စက္ခတွင်ကြုံတွေ့နေရသော နိုင်ငံရေးအဆင်မပြေမှုများကိုပင် ပြေပြစ်အောင်မဆောင်ရွက်နိုင်ခဲ့ကြပေ။  အမျိုးသားရေးဟူသော စကားကိုပင် မြန်မာတို့အကြား လွဲမှားစွာနားလည်ခဲ့ကြသည်။

အမျိုးသားနေ့ကိုစတင်ကြွေးကြော်သတ်မှတ်ခဲ့စဉ်က၊ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ ကိုလိုနီလက်အောက်ရှိ မြန်မာပြည်နယ်နိမိတ်အတွင်း မှီတင်းနေထိုင်ခဲ့ကြသူအားလုံးကို ရည်ညွှန်းခဲ့ကြခြင်းဖြစ်သည်။ အမျိုးသားရေးဆိုသည်မှာလည်း ထိုနည်းလည်းကောင်းပင်။ အဆိုပါ မှီတင်းနေထိုင်ခဲ့ကြသူအားလုံးကိုပင် ရည်ညွှန်းအသုံးပြုခဲ့ကြခြင်း ဖြစ်သည်။ လူမျိုးစုတစုတည်းကိုသာ ညွှန်းဆိုခဲ့ကြခြင်းမဟုတ်သကဲ့သို့ နိုင်ငံသားအားလုံးအတွက် ရည်ညွန်းချက်ဖြစ်ခဲ့သည်။ လူမျိုးစုတခု အမျိုးသားရေးတခုမဟုတ်ခဲ့ချေ။

အမျိုးသားနေ့၏တန်ဖိုးသည် တနိုင်ငံလုံးခြုံသော အမျိုးသားရေးဖြစ်ရပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ၉၉ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင်  မြန်မာ တမျိုးသားလုံးအရေးအဖြစ် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည် အာရုံထားလုပ်ကိုင်ကြရန်လိုအပ်နေပြီဖြစ်ကြောင်း တင်ပြ အကြံပြုလိုက်ရပေသည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013