အိုင်စီဂျေတရားရုံး၌ မြန်မာကိုစွဲထားသည့်အမှု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် ရင်ဆိုင်မည်
DVB
·
November 21, 2019

အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲဆိုထားတဲ့ အမှုကိစ္စ တုန့်ပြန်ဖို့ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့သို့ စေလွှတ်မယ့်အဖွဲ့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဦးဆောင်သွားရောက်မယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူတွေနဲ့ပတ်သက်ပြီး လူမျိုးသုဉ်းသတ်ဖြတ်မှုတားဆီးရေး ဆိုင်ရာ နိုင်ငံကာသဘောတူညီချက်ကိုဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) မှာ တရားစွဲဆိုထားတာပါ။
ကုလသမဂ္ဂပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်းဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့အတွက် အမှုအခင်းဖြစ်လာရင် တရားရင်ဆိုင်ရမယ့် တာဝန်ရှိနေတာပါ။
အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကာကွယ်ဖို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီးဆောင်ရွက်မှာ ဖြစ်ကြောင်းနဲ့ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုချက်ကို တုန့်ပြန်နိုင်ဖို့ နိုင်ငံတကာမှ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်ရှေ့နေကြီးတွေကို ငှားရမ်းထားပြီး ဖြစ်တယ်လို့လည်း အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုတားဆီးရေးနဲ့ အပြစ်ပေးရေး စာချုပ်ကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ အိုင်စီဂျေမှာ ဂမ်ဘီယာနိုင်ငံက အမှုဖွင့် ဦးတိုက်လျောက်ထားမှုကို ဒီဇင်ဘာလ ၁၀ ရက် ကနေ ၁၂ ရက်နေ့ထိ အများပြည်သူရှေ့ ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးက တွေ့ရှိခဲ့တဲ့ အထောက်အထားတွေအရ လူမျိုးရေး ဒါမှမဟုတ် ဘာသာရေးအရ ကွဲပြားနေတဲ့ အသိုင်းအဝိုင်း တခုလုံး ဒါမှမဟုတ် အစိတ်အပိုင်းတခုလုံးကို သေကြေပျက်စီးအောင် လုပ်ခဲ့တဲ့အတွက် လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ ပြစ်မှုမြောက်တယ်လို့ ဂမ်ဘီယာရဲ့ စွဲချက်အမှုမှာ ဖော်ပြထားပါတယ်။
နောက်ထပ် ပြစ်မှုကျူးလွန်မှုတွေ မဖြစ်ပေါ်စေရေး ရပ်တန့်အောင် အိုင်စီဂျေ တရားရုံးအနေနဲ့ ယာယီ အမိန့်ထုတ်ပြန်ထားပြီး မြန်မာအစိုးရကို တားမြစ်ဖို့ တောင်းဆိုချက်ကို အိုင်စီဂျေ တရားရုံးက အရင်ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။
အလားတူ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး(အိုင်စီစီ)ကလည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး စတင်စုံစမ်းစစ်ဆေးဖို့ နိုဝင်ဘာ ၁၄ ရက်နေ့က ခွင့်ပြုမိန့်ပေးထားပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဦးထင်ကျော်တို့ကို ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ စွပ်စွဲပြီး ယူကေအခြေစိုက် ရိုဟင်ဂျာအဖွဲ့က အာဂျင်တီးနားနိုင်ငံမှာ အမှုဖွင့်ထားပါတယ်။