ရေးမြို့နယ်တွင် အသက် ၁ နှစ်ကျော် မိန်းကလေးငယ် ပြန်ပေးဆွဲ အသတ်ခံရ
DVB
·
November 20, 2019

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာနေ အသက် ၁ နှစ် ၇ လ အရွယ် မိန်းကလေးငယ်တဦး ပြန်ပေးဆွဲခံခဲ့ရပြီး နိုဝင်ဘာ ၁၉ ရက်နေ့မှာ သေဆုံးနေတဲ့ ကလေးငယ်ရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကလေးငယ်ဟာ နိုဝင်ဘာ ၁၈ ရက်နေ့က နေအိမ်ကနေ အမျိုးသား၂ ဦးရဲ့ ပြန်ပေးဆွဲခံ ခဲ့ရတာဖြစ်ပြီး လယ်ကွက်ရေမြောင်းမှာ ရေနစ် အသတ်ခံထားရတဲ့ ကလေးငယ်ရဲ့ အလောင်းကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၉ ရက် ည ၇ နာရီလောက်မှာ ရှာဖွေ တွေ့ရှိခဲ့တာပါ။
ကလေးငယ်ရဲ့နေအိမ်မှာ ရေလုပ်ငန်းလုပ်ကိုင်ဖို့အတွက် လာရောက်နေထိုင်တဲ့ ရဲရင့်သူ (အသက် ၂၀ နှစ်)နဲ့ ညီဖြစ်သူ ရဲရင့်မျိုး (အသက် ၁၆ နှစ်)တို့ ၂ဦးဟာ နိုဝင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက မိန်းကလေးငယ်နဲ့အတူ ဖုန်းတလုံးကိုပါ ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
မိန်းကလေးငယ်ရဲ့မိဘတွေက လိုက်လံစုံစမ်းပြီး ရေးမြို့ခံတချို့နဲ့အတူ ရေးဘူတာဘက် လိုက်လံရှာဖွေနေချိန်မှာ ပြန်ပေးဆွဲသွားသူ ၂ ဦးက ကလေးငယ်ကို ငွေကျပ် ၅ သိန်းနဲ့ လာရောက်လဲလှယ်ဖို့နဲ့ မလှယ်လဲပါက အဆိုးမဆိုနဲ့ စိတ်မရှည်ဘူးလို့ ဆက်သွယ်ပြောဆိုခဲ့တယ်လို့ ရဲအရာရှိက ပြောပါတယ်။
ကလေးမိဘတွေက ငွေကျပ် ၅ သိန်းမပေးဘဲ ၃ သိန်းကိုသာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ပြီး Wave money ကနေ ပြန်ပေးသမားတွေဆီ လွှဲပေးခဲ့တာပါ။
ပြန်ပေးဆွဲသူ ၂ ဦးက ချောင်းတောင်ကျေးရွာ Wave Money ဆိုင်မှ ငွေထုတ်ယူပြီးနောက် နိုဝင်ဘာ ၁၈ ရက် ည ၁၀ နာရီလောက်မှာ ရေးမြို့ အဝေးပြေးယာဉ်ကားဂိတ်မှာ ဖမ်းမိခဲ့တယ်လို့ ရဲအရာရှိက ပြောပါတယ်။
မိန်းကလေးငယ်ကိုတော့ ပြန်ပေးဆွဲသူ ၂ ဦးက လမ်းမှာ လယ်ကွက်ရေမြောင်းထဲ ရေနစ်သတ်ခဲ့တာဖြစ်တယ်လို့ တရားခံတွေက ရဲစခန်းမှာ ထွက်ဆိုပါတယ်။
လတ်တလော ပြန်ပေးဆွဲပြီး ကလေးငယ်ကို သတ်ခဲ့သူ ၂ ဦးကို ရေးမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားပြီး အသေးစိတ်စစ်ဆေးနေ ပါတယ်။
သတင်း - နေမျိုးထွဋ်