
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကြီးကျေးရွာအုပ်စုရှိ ငှက်ချောင်းမွတ်ဆလင် ဒုက္ခသည်စခန်းတန်းလျားမှာ မနေ့ညသန်းခေါင်ယံ လောက်က မီးလောင်မှုကြောင့် မိန်းကလေးငယ်နှစ်ဦး သေဆုံးသွားတယ်လို့ ပေါက်တောမြို့နယ် မီးသတ်ဌာနက ပြောပါတယ်။
ပေါက်တောမြို့နယ် မီးသတ်ဦးစီမှူး ဦးမျိုးမင်းထွန်းက “ကလေးမနှစ်ယောက် မီးထဲပါသွားပေါ့။ ဘယ်လိုကြောင့်လဲဆိုတော့ မီးလောင်နေတဲ့အချိန်မှာ အဲ့ဒီကလေးမလေးတွေက အိပ်နေတဲ့ သဘောရှိတယ်။ ခြင်ထောင်ထဲမှာအိပ်နေတဲ့သဘောရှိတယ်သူတို့က၊ မီးလောင်တဲ့ အချိန်မှာ ဟိုဆွဲဒီဆွဲရင်အဲ့ကလေးတွေက ခြင်ထောင်ထဲမှာ လုံးထွေးရင်းနဲ့ အထဲမှာ ရောပါသွားတဲ့ ပုံစံမျိုးပေါ့”လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ကလေးငယ် နှစ်ဦးဟာ အသက် ၁ နှစ် ၇ လ အရွယ် မဂျီဒါဘီနဲ့ အသက် ၄ နှစ် အရွယ် မရှော်ဖီနီတို့ဖြစ်ပါတယ်။
မီးလောင်မှုကြောင့် အိုင်ဒီပီ ဒုက္ခသည်စခန်းက (၈)ခန်းတွဲ တန်းလျား (၂)လုံး၊ (၁၅×၁၅×၁၀)ပေ(၁၃)လုံး၊ (၃၀×၃၀×၁၅)ပေ (၁)လုံး စုစုပေါင်း(၁၆)လုံး အုပ်မိုးထရံကာနေ အိမ်တွေ မီးလောင်ခဲ့ပြီး ကာလတန်ဖိုးကျပ် ၇၄ သိန်းကျော်ဖိုးလောက် လောက်ဆုံးရှုံးသွားတယ်လို့ မိသတ်ဦးစီမှူးက ပြောပါတယ်။
အဲ့ဒီမီးလောင်မှုဟာ အိုင်ဒီပီစခန်း အဆောင်အမှတ် ၂၉ အခန်း နံပါတ် ၉ အခန်းရှိ မီးကြွင်းမီးကျန်ကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီး အဆောင်ပိုင်ရှင်ကို အမှုဖွင့် အရေးယူထား ပါတယ်။
ငှက်ချောင်းမွတ်ဆလင်ဒုက္ခသည်စခန်း မီးလောင်တဲ့နေ့ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရွှာနာဘာဂီနာဟာ ပေါက်တောမြို့နယ်က ဆင်တမော် မွတ်ဆလင်ကယ်ဆယ်ရေးစခန်းကို ရောက်ရှိတဲ့နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဓာတ်ပုံ- Rakhine Fire Force











