ရန်ကုန်တိုင်းအစိုးရက မြေတွေကြိုသိမ်းပြီး ဂွင်ရိုက်နေဟု ကြံ့ခိုင်ရေးအမတ် စွပ်စွဲ

ရန်ကုန်တိုင်းအစိုးရက မြေတွေကြိုသိမ်းပြီး ဂွင်ရိုက်နေတာမျိုးကို သမ္မတရုံးအနေနဲ့ နားလည်ဖို့ လိုတယ်လို့ ကြံ့ခိုင်ရေးပါတီ မင်းကင်းလွှတ်တော်အမတ်က ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ စွပ်စွဲပြောပါတယ်။
နိုင်ငံတဝန်းနဲ့ ရန်ကုန်တိုင်းထဲက သိမ်းဆည်းမြေတွေ ပြန်မရသေးတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မေးမြန်းရာမှာ ပြောဆိုလိုက်တာပါ။
မင်းကင်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က တနိုင်ငံလုံး အတိုင်းအတာအရ ဝန်ကြီးဌာနနဲ့ ကုမ္ပဏီတွေက သိမ်းယူပြီး ပြန်စွန့်လွှတ်မယ့် မြေဧက၊ အဲဒီထဲကမှ ပိုင်ရှင်လက်ထဲကို ပြန်ပေးပြီးတဲ့ မြေဧက၊ ရန်ကုန်တိုင်းထဲက သိမ်းဆည်းပြီးစွန့်လွှတ်မြေတွေကို မူလပိုင်ရှင်က ၂၀ ရာခိုင်နှုန်း၊ အစိုးရက ၈၀ ရာခိုင်နှုန်းယူမယ်ဆိုတာကို သမ္မတရုံးက ဘာကြောင့် မူအားဖြင့် သဘောတူတာလဲ၊ စမ်းကြီးဝနဲ့ မင်္ဂလာဒုံတို့မှာ တပ်မတော်ကသိမ်းယူပြီး စွန့်လွှတ်ထားတဲ့ မြေတွေကို ပိုင်ရှင်တွေဆီ အမြန်ဆုံးခွဲဝေပေးဖို့ အစီအစဉ် ရှိ၊ မရှိတို့ကို မေးမြန်းခဲ့ပါတယ်။
ဒီမေးခွန်းကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုဝန်ကြီး ဦးတင်မြင့်က ဖြေဆိုရာမှာတော့ အရင်အစိုးရနဲ့ အခုအစိုးရလက်ထက်မှာ သိမ်းဆည်းမြေတွေထဲက စွန့်လွှတ်မြေဧကဟာ ၅၂၆,၀၉၆ ဧက ရှိပြီး လွှဲပြောင်းပေးပြီးခဲ့တာက ၅၀၈,၈၅၂ ဧက ရှိတယ်လို့ ပြောပါတယ်။
ဒါကြောင့် လွှဲပြောင်းဖို့ ကျန်နေတာက ၁၇,၂၄၄ ဧက ရှိ ပြီးတော့ သိမ်းဆည်းမြေတွေနဲ့ပတ်သက်ပြီး မူဝါဒ၊ လုပ်ငန်းစဉ် စတဲ့ အချက်ပေါင်း ၅၂ ချက်နဲ့ ကော်မတီအဆင့်ဆင့်ဖွဲ့ပြီး ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
ဒါပေမယ့် ၁၃ မိနစ်လောက်ကြာတဲ့ ဒီအဖြေတွေမှာ မေးခွန်း ၂ ခုကိုပဲ ဖြေသွားတာကြောင့် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ထပ်ပြီး မေးမြန်းခဲ့ပါတယ်။
“ဆိုကြပါစို့၊ တွံတေးဆိုရင် ၁၈,၅၂၇ ဧက၊ နောက်တခါ (အခြားနေရာ) ၁၆၉၅ ဧက၊ တွံတေး ကားလမ်းဘေးမှာ ၃,၀၉၄ ဧက၊ လှည်းကူးဘက်မှာ ဧက ၁,၀၀၀၊ ရန်ကုန်အရှေ့ပိုင်း ဒဂုံမှာ ဧက ၉,၀၀၀ စသည်အားဖြင့် ဒါလောက်များပြားတဲ့ မြေတွေသိမ်းဖို့အတွက်ကို ခင်ဗျားတို့ဆီကိုတင်တဲ့ အခါမှာ ရန်ကုန်တိုင်းအစိုးရဆီက စီမံကိန်းတွေ တကယ်ပါရဲ့လား။ ဒါတွေက MIC (ရင်းနှီးမြှုပ်နှံမှုကော်မရှင်) ကို သွားပြီးပြီလား။ ဘာမှမလုပ်သေးဘဲနဲ့ မြေတွေကို ကြိုသိမ်းပြီးတော့မှ ဒီဟာမျိုး ပွင့်ပွင့်လင်းလင်း ပြောရရင် ဂွင်ရိုက်တယ် ဆိုတာမျိုးကို သမ္မတရုံးက နားလည်ဖို့ လိုတယ်” လို့ ပြောပါတယ်။
ပြီးတော့ ၈၀/ ၂၀ ကိုမှမလိုက်နာရင် တသက်လုံး တခြားခံစားခွင့်မရစေဘူးဆိုပြီး အောက်ခြေမှာ ခြိမ်းခြောက်နေတာကိုလည်း သမ္မတရုံးက သိပါသလားလို့ ဆက်စပ်မေးခွန်းမေးခဲ့ ပါတယ်။
ဦးမောင်မြင့်က သူမေးခဲ့တာမှာပါတဲ့ ရန်ကုန်တိုင်း စမ်းကြီးဝနဲ့ မင်္ဂလာဒုံက သိမ်းဆည်းမြေတွေမှာလည်း ပြန်ပေးသေးတာတွေရှိသေးတာကြောင့် ကျန်တာကို ဘယ်တော့ ပြန်ပေးမှာလဲဆိုတာကို ထပ်ပြီး မေးခဲ့ပါတယ်။
မေးမြန်းချက်တွေနဲ့ပတ်သက်လို့ဒုဝန်ကြီး ဦးတင်မြင့်က စက်မှုဥယျာဉ်စီမံကိန်းမှာ အသုံးပြုဖို့၊ ရန်ကုန်ကို တိုးချဲ့ဖို့အတွက်ဆိုပြီး ရန်ကုန်တိုင်းအစိုးရက တင်ပြထားတယ်လို့ပဲ ပြန်ဖြေပြီး MIC တင်ထားတာ ရှိ၊ မရှိ ဆိုတာကို ပြန်လည်စိစစ်ပြီး တင်ပြမယ်လို့ ဖြေကြားသွားပါတယ်။











