
ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ ထာဝရနှောင်ကြိုး ရုပ်ရှင်ကားထဲက ဇာတ်ဝင်သီချင်းနဲ့ တေးဂီတဖန်တီးမှုတွေ ပါဝင်တဲ့ Original Soundtrack အယ်လ်ဘမ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ရောင်းချခဲ့ပြီး ၂ ရက်အတွင်းမှာပဲ ချပ်ရေ တသောင်းကုန် သွားခဲ့တယ်လို့ Bo Bo Music Production က ဆိုပါတယ်။
ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာတော့ “ထာဝရနှောင်ကြိုး ( Now & Ever )အခွေ အရေအတွက် ၁၀၀၀၀ကို နှစ်ရက်အတွင်း ကုန်သွားသည့်အထိ အားပေးကြမ်းကြတဲ့ ပရိသတ်တွေကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ အခွေများထပ်ထုတ်နေပြီး အခွေပြန်လည် ဝယ်ယူရမယ့် နေ့ကိုလည်း Bo Bo Music Page မှ ကြော်ငြာပေးသွားမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦးခင်ဗျ”လို့ ရေးသားဖော်ပြထားခဲ့တာပါ။
ဒီအယ်လ်ဘမ်ထဲမှာတော့ အမြဲတမ်း၊ In your Eyes၊ ကယ်တင်ရှင်၊ လူယောင်ဆောင်၊ ဖြတ်လိုက်တော့၊ Putao၊ Mother၊ Now & Ever Theme Music၊ ရှင်သန်ခြင်း ရဲ့အဓိပ္ပါယ်(အချစ်ကြောင့်)စတဲ့ Track ၉ ပုဒ် ပါဝင်ပါတယ်။
ဇဏ်ခီကလည်း Bo Bo Music Production ရဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်ကို သူ့ရဲ့ စာမျက်နှာပေါ်မှတဆင့် ပြန်မျှဝေထားခဲ့ပြီး ခုလိုဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။
“Thank you soooooo much!!! အော်ဒါတွေထပ်မှာထားပါတယ်ဗျ။ ဒီရက်ပိုင်းအတွင်း ရအောင်ကြိုးစားနေပါတယ်”
ထာဝရနှောင်ကြိုး ရုပ်ရှင်ကိုတော့ Central Base Productions က စီစဉ်ပြီး လူငယ် အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ ခရစ္စတီးနားခီက တတိယမြောက်ရုပ်ရှင်ကားအနေနဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
အချစ်ဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ပရိသတ်အချစ်တော် မင်းသား ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ ခေါင်းဆောင်ပါဝင်ထားကြတာဖြစ်ပြီး တခြားသရုပ်ဆောင်တွေအနေနဲ့ မင်းညို၊ ရဲနောင်ချို၊ ဂျူးဂျူးကေနဲ့ ကလေးသရုပ်ဆောင် ဇူးဇူးဟန်နီထွေးတို့ကလည်း ပါဝင်ထားကြတာပါ။
ဒီရုပ်ရှင်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဇာတ်ကားထဲမှာ ပါဝင်အသုံးပြုထားတဲ့ ဂီတပိုင်းကိုတော့ ဇဏ်ခီက တာဝန်ယူထားတာ ဖြစ်ပါတယ်။
နိုင်ငံတကာမှာ ရုပ်ရှင်ထူးချွန်ဆုတွေရရှိခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့ မုဒြာရဲ့ခေါ်သံ၊ ပရိသတ်တွေကြား ပွဲဆူစေခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ကားတွေနဲ့ ပရိသတ်အားပေးလက်ခံ မှုရရှိထားတဲ့ ခရစ္စတီးနားခီရဲ့ တတိယမြောက်ရုပ်ရှင်ကားကရော ဘယ်လိုထွက်ရှိလာမလဲ၊ မီ ရုပ်ရှင်ကားနဲ့တင် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အကယ်ဒမီဆုရှင် ပိုင်ဖြိုးသုနဲ့ ခီမောင်နှံရဲ့ ပူးပေါင်းဖန်တီးမှုက ဘယ်လိုတွေ ဖြစ်လာလိမ့်မလဲ ဆိုတာကို လည်း ပရိသတ်တွေက ရုံမတင်ခင်ကတည်းက စိတ်ဝင်စားခဲ့ကြတာ ဖြစ်ပါတယ်။
ဇဏ်ခီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ကိုယ်တိုင်သိရှိသွားမှု အမည်နဲ့ အက်ဆေးစာအုပ်တအုပ် ထွက်ရှိထားခဲ့ပြီးဖြစ်ကာ တတိယအကြိမ်ထိ ရိုက်နှိပ်ရတဲ့ ရောင်းအားကောင်းတဲ့ စာအုပ်တအုပ်ဖြစ်ခဲ့ပါတယ်။










