
နိုင်ငံရေးလုပ်နေတဲ့သူတွေကို ရှေ့တန်းထွက်တဲ့ စစ်သားကို ဝိုင်းဝန်းပံ့ပိုးပေးသလို ပံ့ပိုးပေးကြဖို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြည်သူလူထုကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၉ ရက်နေ့က ပင်လည်ဘူးမြို့နယ် ပါတီရုံးဖွင့်ပွဲမှာ ပါတီခေါင်းဆောင် ဦးကိုကိုကြီးက ခုလို ပြောကြားလိုက်တာပါ။
"ပြည်သူ့ပါတီက စိတ်ဓာတ်နဲ့ ခံယူချက်နဲ့ တည်ထောင်တဲ့ပါတီဖြစ်တဲ့အတွက်ကြောင့် တချို့ နိုင်ငံကို တကယ့်ကို မှန်မှန်ကန်ကန် ပြုပြင်ပြောင်းလဲချင်တဲ့ လုပ်ငန်းရှင်တွေရှိတယ်။ တကယ် အားပေးချင်တဲ့သူတွေရှိတယ်။ ကျနော်တို့ လုပ်ရပ်ကိုကြည့်ပြီးတော့ ခင်ဗျားတို့ အားပေးပါ။ နိုင်ငံရေး လုပ်တဲ့သူဆိုတာ ပြောရရင်တော့ ရှေ့တန်းထွက်တဲ့ စစ်သားလိုပဲ။ နောက်မှာ ထမင်းချက်တဲ့ သူလိုတယ်။ အဝတ်ချုပ်မယ့်သူလိုတယ်။ ပံ့ပိုးမယ့်သူလိုတယ်။ အဲဒီတော့ ကိုယ်တိုင်လုပ်နိုင်တဲ့ သူတွေက တက်တက်ကြွကြွ ရှေ့ထွက်ပြီးတော့ လုပ်ပါ။ လုပ်နိုင်တဲ့သူတွေကို ပံ့ပိုးနိုင်တဲ့သူတွေက ဝိုင်းပြီးတော့ တတပ်တအားပံ့ပိုးပါ။ အဲဒီနည်းနဲ့ ကျနော်တို့နိုင်ငံကို ပြန်ပြီးတော့ ထူမတ်ဖို့ လိုပါတယ်"လို့ ပြောပါတယ်။
ပြည်သူ့ပါတီရဲ့ မြို့နယ်ရုံးတွေကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကန့်ဘလူ၊ ကျွန်းလှ၊ ပင်လည်ဘူး စတဲ့မြို့တွေမှာ အခုရက်ပိုင်းအတွင်း ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ဒုဥက္ကဋ္ဌ ဦးမင်းဇေယျာတို့ ဦးဆောင်ကာ ပါတီဗဟိုကော်မတီဝင်တွေ၊ စစ်ကိုင်းတိုင်းအလုပ်အမှုဆောင်တွေက သွားရောက်ဖွင့်လှစ်နေတာလည်း ဖြစ်ပါတယ်။
ပြည်သူ့ပါတီရုံးတွေကို စစ်ကိုင်းတိုင်းမှာ မုံရွာအပြင် အခုလအတွင်း ဇီးကုန်း၊ ကျွန်းလှ၊ ပင်လည်ဘူး စတဲ့မြို့နယ်တွေမှာ ဖွင့်လှစ်ခဲ့ပြီး လာမယ့် ဒီဇင်ဘာလအတွင်းမှာလည်း အင်းတော်၊ ကလေး၊ ဗန်းမောက်၊ ခင်ဦးစတဲ့မြို့နယ်တွေမှာလည်း ဖွင့်လှစ်သွားဖို့ရှိနေပါတယ်။
လက်ရှိအချိန်အထိ ပြည်သူ့ပါတီ အနေနဲ့ နိုင်ငံတဝန်း တိုင်းနှင့်ပြည်နယ်တွေမှာ ပါတီရုံးခွဲပေါင်း ၆၀ အထိဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်လို့တော့ ဘယ်မြို့နယ်တွေမှာ ဝင်ပြိုင်မလဲဆိုတာတော့ မသိရသေးဘူးလို့ တိုင်းပါတီတာဝန်ရှိသူတဦးက ပြောပါတယ်။











