DVB Logo
Home
မြန်မာသတင်း
အစိုးရ၊ တပ်မတော်နှင့် RCSS/SSAအဖွဲ့တို့  ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေး
DVB
·
November 19, 2019
အစိုးရ၊ တပ်မတော်နှင့် RCSS/SSAအဖွဲ့တို့  ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေး
1 / 3
Donate to DVB

တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်သွားနိုင်ဖို့အတွက် အစိုးရ၊ မြန်မာ့ တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် RCSS/SSAအဖွဲ့က  ကိုယ်စားလှယ်တွေဟာ ဒီနေ့မနက်က ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ရှမ်းပြည်တပ်မတော် RCSS/SSA ဟာ အစိုးရနဲ့  အန်စီအေ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲ ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာ ၄  နှစ်ပြည့်ခဲ့ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးပန်းတိုင်ဆီ ရောက်ရှိဖို့ အစိုးရ၊ တပ်မတော်တို့နဲ့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပေမယ့်လည်း တစ်ဆို့မှုတွေ အထူးသဖြင့် တပ်မတော်က အဆိုပြုတဲ့ တစ်ခုတည်းသော တပ်မတော်ထားရှိရေး ကိစ္စတွေကြောင့် ရှေ့မတိုးနိုင်ဘဲ ဖြစ်နေပါတယ်။ 

အခုလို တစ်ဆို့မှုတွေ ရှိခဲ့ပေမယ့် နောက်မဆုတ်ဘဲ ငြိမ်းချမ်းရေးပန်းတိုင်ဆီ အရောက်သွား နိုင်ဖို့  လမ်းကြောင်းတွေကို ဒီကနေ့မနက်မှာ ထပ်ပြီးဆွေးနွေးခဲ့ကြတယ်လို့ ရှမ်းပြည်တပ်မတော် RCSS/SSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းငင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ ရှေ့ဆက်သွားမယ်ဆိုရင် မူဘောင်အရ JICM (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲသဘောတူညီချက်အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေး အစည်းအ‌ဝေး)ကို အရင်လုပ်ရမှာဖြစ်တယ်။ အဲဒီအစည်းအဝေးပြန်လုပ်ဖို့  ပြောကြတာပေါ့နော်။ အဲဒါပြီးရင် UPDJC  လို့ခေါ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ရေး ဦးဆောင်အဖွဲ့ အစည်းအဝေးဆက်သွားဖို့၊ ပြီးတော့မှ ၂၁ ရာစု ပင်လုံညီလာခံ အဲဒီလို အဆင့်ဆင့်သွားနိုင်ဖို့ ပေါ့။  ဒါတွေက အရင်ကတည်းက ချမှတ်ထားပြီးဖြစ်တယ်။ ကြားထဲမှာ အစည်းအဝေးမလုပ်နိုင်တဲ့ တစ်ဆို့ မှုတွေ ဝင်လာတယ်။ အဲဒီတစ်ဆို့မှုတွေ ကျော်ဖြတ်နိုင်ဖို့ အခုလို အလွတ်သဘော ဆွေးနွေးမှုတွေ အရင်လုပ်နေရတာပါ။ ဒီကနေ့က ကျနော်တို့ RCSS/SSA တဖွဲ့တည်းနဲ့ဘဲ ဆွေးနွေးရသေးတယ်။ ကျနော်တို့နဲ့တော့ ပြေလည်မှု နားလည်မှုတွေ ရခဲ့ပါတယ်။ အန်စီအေ လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့လုံးနဲ့ ညှိနှိုင်းဆွေးနွေး ရဦးမယ်ခင်ဗျ။” 

RCSS/SSA ဟာ ပြီးခဲ့တဲ့ အောက်တိုဘာက နေပြည်တော်မှာ ကျင်းပတဲ့ အန်စီအေလက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်းအနားကိုတက်ရောက်ဖို့ စီစဉ်ခဲ့ပေမယ့်  RCSS/SSA ဥက္ကဋ္ဌရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ နားလည်မှုလွဲမှားကာ ခရီးစဉ် ဖျက်သိမ်းခဲ့ ရပါတယ်။ 

နောက်နောင် RCSS/SSA ဥက္ကဋ္ဌ ခရီးစဉ်တစ်ခုတည်းတင်မကဘဲ အန်စီအေ လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တို့ရဲ့ ခရီးစဉ်တွေမှာပါ လွဲချော်မှု မဖြစ်စေရေး အတွက် နှစ်ဘက်လုံး ကြိုတင်စီစဉ်ပြင်ဆင်ဖို့လည်း ဒီကနေ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် RCSS/SSA နဲ့ မြန်မာ့တပ်မတော်တို့အကြား အောက်ခြေမှာ ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေတဲ့ ကိစ္စမှာတော့ ဒါဟာ အဖွဲ့အစည်းတခုနဲ့တခုကြား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ကြတာ မဟုတ်ဘဲ အောက်ခြေတပ်ဖွဲ့ဝင်တွေကြား သွားရင်းလာရင်း ပက်ပင်းတိုးမိလို့ ထိတွေ့ပစ်ခတ်မိ ခြင်းသာဖြစ်ကြောင်း၊ နောက်နောင် ပစ်ခတ်မှုမရှိအောင် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့အချင်းချင်း ကိုယ်စီထိန်းချုပ်ကြဖို့လည်း ဆွေးနွေးသွားတယ်လို့ သိရပါတယ်။ 

ဒီကနေ့ အလွတ်သဘောဆွေးနွေးပွဲမှာ အစိုးရဘက်က ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ အဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ဦးဇော်ဌေး၊ အငြိမ်းစားဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ တပ်မတော်ဘက်က ဒုဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ဒုဗိုလ်ချုပ်ကြီး မင်းနောင် စတဲ့ ပုဂ္ဂိုလ်တွေ တက်ရောက်ဆွေးနွေးပါတယ် ။ 

RCSS/SSA ရှမ်းပြည်တပ်တော်ဘက်ကတော့ ဗိုလ်ချုပ်ပေါင်ခေး ဦးဆောင်တဲ့ ကိုယ်စားလှယ် ၄ ဦးတို့ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013