DVB Logo
Home
မေးမြန်းခန်း
ရွှေလက်နဲ့ ခေါ်လို့မလာတဲ့အတွက် Bullet (ကျည်ဆန်) ပဲ ပေးလိုက်ရင် ကောင်းမယ် – ဦးလှဆွေ
DVB
·
January 25, 2013
ရွှေလက်နဲ့ ခေါ်လို့မလာတဲ့အတွက် Bullet (ကျည်ဆန်) ပဲ ပေးလိုက်ရင် ကောင်းမယ် – ဦးလှဆွေ
Donate to DVB

ရွှေလက်နဲ့ ခေါ်လို့မလာတဲ့ ကေအိုင်အေကို Bullet (ကျည်ဆန်) ပဲ ပေးလိုက်ရင်ကောင်း မယ်လို့ ဇန်န၀ါရီ ၂၄ရက်က ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်မှာ အာဏာရ ကြံ့ခိုင်ရေးပါတီက ဆွေးနွေးသွားခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ဖို့ နှစ်ဦးနှစ်ဘက် ယုံကြည်မှုရရှိမယ့် ခိုင်မာတဲ့အခြေခံမူများ ချမှတ်ပေးရေးအဆိုကို အမတ် ၁၆ ဦးက ၀ိုင်းဆွေးနွေးခဲ့ကြရာမှာ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ က ဂန့်ဂေါမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက ဆွေးနွေးခဲ့တာပါ။

အမျိုးသားလွှတ်တော်အမတ်ဖြစ်တဲ့ ဦးလှဆွေဟာ တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ဦးလှဆွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

အမျိုးသားလွှတ်တော်မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ ကေအိုင်အိုကို အပြီးသတ်ချေမှုန်းပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးရင်ကောင်းမယ်ဆိုပြီး ဦးလှဆွေ ဆွေးနွေးသွားတယ်လို့ သိရပါတယ်၊ ဟုတ်ပါသလား။

“ဟုတ်ပါတယ်။ ကျနော်ပြောတာက ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက်ဆိုရင်  သေချာပေါက်လုပ်ရမှာက အပစ်ခတ်ရပ်စဲရေးကို လက်ခံရမှာပေါ့။ သူက အခု လက်မခံဘူးပြောတယ်။ လက်မခံတော့ ကျနော်က ရွှေလက်နဲ့ခေါ်တုန်းကို လာပါ၊ Bullet (ကျည်ဆန်) တော့ မလွှတ်ချင်ဘူးလို့ ပြောလိုက်တယ်။ အခုလက်ရှိ ကမ္ဘာမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းပြည်တွေအကုန်လုံးကို လိုက်ကြည့်လိုက်ပါ။ အခုနောက်ဆုံးအဖြစ်အပျက် ပြင်သစ်က မာလီကို ၀င်တိုက်တယ်ဆိုရင် သူတို့ ညှိမရလို့ တိုက်တာ။ ကိုလံဘီယာမှာ နှစ် ၅၀ လောက် လုပ်လာတယ်၊ အဲဒါလည်း မရဘူး။ မရတော့ ကိုလံဘီယာသမ္မတက မညှိဘူးလို့ ပြောတယ်။ ကျနော်ဆိုလိုတာက ကေအိုင်အေဟာ စုစုပေါင်း ပေါင်းလိုက်ရင် ၂ သောင်းလောက်ရှိမှာပေါ့။ ကချင်ပြည်နယ်မှာဆိုရင်လည်း ၁၀ သိန်း ၉ သောင်းလောက်ရှိတယ်။ အဲ ၁၀ သိန်း ၉ သောင်းမှာ ကေအိုင်အေက ၂ သောင်းလောက်ဆိုတော့ ၂ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ကျန်တာ ၉၈ ရာခိုင်နှုန်းက တခြားလူမျိုးတွေပဲ။ ကေအိုင်အေမှာ ခေါင်းဆောင်ပိုင်းက ဂျိန်းဖောကပဲ။ ကျန်တဲ့ လီဆူးရွာတွေကိုပဲ မီးရှို့နေတယ်။ ဒါတွေက ဒီနှစ် ဆွေးနွေးတဲ့အထဲမှာ အကုန်ပါတယ်။ ရွာတွေကို မီးရှို့တဲ့ထဲမှာ ဂျိန်းဖောရွာမပါဘူး။ လူမျိုးရေးတရပ်ကို သူတို့ပဲ ခွဲခြားနေတာ။ အထူးသဖြင့် ဖြစ်တာက ရှမ်းနီတွေကို ပိုနှိပ်ကွပ်တယ်။ ရှမ်းနီတွေက မပြောရဲဘူး။ သူတို့က ငြိမ်းချမ်းရေးဖြစ်စဉ်ကို လုံးဝ မလိုချင်ဘူး။ မလိုချင်ဘူးဆိုတာက သူတို့က အရသာကို သိသွားပြီ။ လုံးဝ တောင်ယာပြန်မခုတ်တော့ဘူး။ ကျနော်က သတ္တု ၂ သယံဇာတ ကော်မတီအတွင်းရေးမှူး ဆိုတော့ ဖားကန့်မှာ ကုမ္ပဏီ ၇၀၀ ရှိတယ်။ တခုကို သိန်း ၅၀၀၀ ပေးရတယ်။ သူတို့ရတာ ၃၅၀ ထရီလီယံရှိတယ်။ သူတို့စီးတဲ့ ဖိနပ်တွေက မိုင်းမကွဲတဲ့ အစ္စရေးက လာတာတွေကို စီးတယ်။ မှောင်ခိုမှာ ၀ယ်လို့ရတယ်။ သူတို့က အဲလိုတွေ စီးတယ်။ ရီမုကွန်ထရိုးနဲ့ မိုင်းခွဲတယ်။ ဒါတွေ ၀ယ်နိုင်တယ်။ အဲဒါတွေမကဘူး မော်တော်လေးတွေ၊ ပဲ့ထောင်လေးတွေ၊ အဲဒါလေးတွေကအစ မလွတ်စေရဘူး။ နောက်ဆုံးပိတ်  ကွမ်းယာဆိုင်မှာ တယ်လီဖုန်းထောင်ထားရင် တယ်လီဖုန်း ဆက်လို့ ရတယ်။ အဲလိုမျိုးဆိုရင် ၁ သောင်းကောက်တယ်။ အဲဒါတွေကို ဒေသခံ ပြည်သူတွေက အကုန်ပြောတယ်။ ဆိုတော့ ဒါတွေကို ဘယ်လိုလုပ်မလဲ။

“အဲတော့ ကျနော်က ပြောတယ်။ အမေရိကန် နောက်ဆုံးပိတ် ဒုတိယကမ္ဘာစစ်ပြီးတာ ဘာကြောင့်ပြီးလဲ။ အနုမြူဗုံး ၂ လုံး ကြဲလိုက်တယ်။ အဲဒီမှာ ဟိုကောင်က ချက်ချင်းလာပြီး စစ်သင်္ဘောကြီးပေါ်မှာ ငြိမ်းချမ်းရေး လုပ်ပါပြီဆိုပြီးတော့ လက်မှတ်ထိုးသွားတယ်။

“သီရိလင်္ကာ ဂျက်ဖနာမှာ အပြတ်တိုက်တယ်။ တိုက်တဲ့အခါမှာ စစ်အသုံးစရိတ်တွေက အရမ်းများနေတော့ လွှတ်တော်က စစ်အသုံးစရိတ်တွေအရမ်းများတယ် လျှော့ပါဦးဆိုတော့ သမ္မတက နာမည်ပြောင်းလိုက်တယ်၊ ငြိမ်းချမ်းရေးအတွက်ရင်းနှီးမြှုပ်နှံမှုလို့ ပြောင်းလိုက်တယ်။ မှန်တယ်လေ၊ ဂျက်ဖနာမှာ တိုက်ခိုက်နေရတာ Peace Investment ပဲ။ နောက်ထပ် လူမသေအောင် အမေရိကန်သမ္မတ ထရူးမင်းပြောသလို၊ ဘယ်လိုလုပ်မလဲ အနုမြူဗုံး ၂ လုံးကြဲလိုက်တယ်။ အခု သူတို့က ခွန်ဥက္ကာနဲ့ပေါင်းပြီး ဆွေးနွေးမယ်တဲ့။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပြင်မှာ ဆွေးနွေးမယ်တဲ့။ နောက် သမ္မတကြီးလမ်းညွှန်တဲ့ လွှတ်တော်ထဲတွေ့ရအောင်ဆိုတော့ လွှတ်တော်ထဲ မလာဘူး၊ တွေ့စရာမလိုဘူးတဲ့။ အဲ ၂ ချက်ပြောတယ်။ အဲတော့ ဒီလူတွေဟာ ရွှေလက်နဲ့ခေါ်လို့ လာမယ့်သူတွေ မဟုတ်ဘူး။ ရွှေလက်နဲ့ခေါ်လို့မလာတဲ့အတွက် Bullet ပဲပေးလိုက်ရင်ကောင်းမယ်လို့ ကျနော်က အဲလိုဆွေးနွေးလိုက်တာ။”

ကချင်နဲ့ ဖြစ်တဲ့ကိစ္စမှာ တော်တော်များများပြောတာက စေ့စပ်ဆွေးနွေးဖို့ အကြိမ်ကြိမ်ညှိနှိုင်းဖို့။ သမ္မတကလည်း အခုထိ ငြိမ်းချမ်းရေးကမ်းလှမ်းထားတုန်းဆိုတော့၊ အဲလိုအခြေအနေမှာ ဦးလှဆွေက အခုလို ထပြီး ကေအိုင်အေကို အပြီးသတ်ချေမှုန်းလိုက်တာ အကောင်းဆုံးပဲဆိုတာ ဆွေးနွေးဖို့ စိတ်ကူးရလာတာဟာ ခုနကပြောတဲ့ အတွေးအခေါ်တွေပေါ် မူတည်နေတာပေါ့။ ဒီလိုဆွေးနွေးလို့ ဦးလှဆွေကို ကန့်ကွက်မယ့်သူများတယ်။ တစုံတယောက်ကများ ငါကိုဘာပြောမလဲဆိုတာမျိုး စိတ်ကူးထဲမပေါ်မိဘူးလား။ ဆွေးနွေးဖို့ ရဲရဲရင့်ရင့် ဆုံးဖြတ်ခဲ့တာလား။

“ကျနော်တယောက်တည်း အယူအဆနဲ့ ဆုံးဖြတ်တာ။ ကျနော့်ကို ဘယ်သူမှလည်း ဒီလိုဆွေးနွေး ဒီလိုဆွေးနွေးလို့ လာမပြောဘူး။ သို့သော် ကျနော့်မိတ်ဆွေတွေ ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာရှိတယ်။ ဥပမာ ကျနော်ပြောတယ်။ မန္တလေးနဲ့ ရန်ကုန်ကိုလာတိုက်မှ အပြတ်ချေမှုန်းမှာလား။ ကျနော်တို့က အကယ်ဒမီတက်လိုက်၊ ဖိုးချစ်ဇာတ်ပွဲကြည့်လိုက်နဲ့ သာယာနေတာ၊ ကျနော့်သူငယ်ချင်းတွေ ပြေးလွှားပုန်းအောင်းနေရတာ။ တပ်ကလည်း ဇာတ်နာအောင်လုပ်နေတာ ကျနော်မပြောချင်ဘူး။ ရထားလမ်းဗုံးခွဲတယ် ဗုံးခွဲတယ်။ တံတား ၁ စင်းကိုပဲ ၄ ခါပြန်ခွဲတာရှိတယ်။ ဘာလို့ ဒီလိုလွှတ်ထားလဲ၊ ဇာတ်နာအောင်လုပ်ထားတာ။ ကျနော်က ဒါမျိုးကျ မကြိုက်ဘူး။ လာရင်လာ ပြန်ချလိုက်ပေါ့။ မချတော့ ဟိုကလာခွဲရော။ အဲတော့ ဘယ်သူနာလဲ။ ရိက္ခာပို့တာကြာတော့ ဈေးတက်တယ်၊ မြစ်ကြီးနားဒေသခံတွေ ခံရတာပေါ့။ အမှန်က ထိုက်သင့်တဲ့ လုံခြုံရေးက လုပ်ကို လုပ်ရမယ်။ လာရင် ရထားလမ်းကြောင်းကလာရင် အကုန်ပစ်လိုက်။ ရထားလမ်းက အထိမခံနဲ့လေ။ မြစ်ကြီးနားရထားက ဒီ ၁ လမ်းပဲရှိတာ။ တခုခုဖြစ်ပြီဆိုတာနဲ့ ဆားဈေးတွေတက်ပြီ။ တကယ်ကျတော့ ကချင်လူမျိုးတွေအကုန်လုံးကို ကေအိုင်အေက ကိုယ်စားမပြုဘူး။ ကချင်ပြည်နယ် ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ ဖက်ဒရယ်တွေ ကြိုက်သလိုပြော။ တကယ်က ဘာမှမဟုတ်ဘူး။ လက်နက်ကိုင်ရတဲ့အရသာကို သူတို့တွေ့သွားတာ။ ဟိုနေ့က ကေအိုင်အေလွှတ်တော်ထဲ အများကြီးလာလေ့လာတာ။ အဲဒါမျိုး အများကြီးမြင်ချင်တယ်။ ကချင်တွေအများကြီး မြင်ချင်တယ်။ ကျနော်တို့စိတ်ထဲ စိတ်ရင်းခံအမှန်အဲလိုရှိတယ်။ ဒါပေမယ့် ညှိလို့မရဘူးလေ။ ညှိမရတော့ အပြတ်တိုက်တာကောင်းတယ်။ လူထပ်မသေအောင် အပြတ်တိုက်ရမယ်။ ဒီနည်းလမ်းပဲရှိတယ်။ ဘယ်တိုင်းပြည်က သူတို့သူပုန်တွေကို ဆွေးနွေးသလဲ။ တူရကီက kurds သူပုန်ကို ဆွေးနွေးသလား။ နေတိုးအဖွဲ့ဝင်ပဲ။ ဖိလစ်ပိုင်မှာ သမ္မတ အကွီနိုက မိုရိုအစ္စလာမ်မစ်ကို အပြတ်ချပြီးမှ အခုမှ နန်းတော်ထဲရောက်ဆွေးနွေးနေတာ။ ညှိပါတယ်ဆိုတဲ့ တိုင်းပြည်ပြပါ၊ ၂၀၁၃ ထဲမှာ ဘယ်တိုင်းပြည်က သူပုန်နဲ့ ဘယ်သူညှိနေတယ်ဆိုတာ ကျနော့်ကိုပြ။ မြန်မာပြည်တပြည်ပဲရှိတာ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013