Homeမြန်မာသတင်း
ရန်ကုန်ငလျင်လှုပ်ပြီးနောက် အဆောက်အအုံ ၈ လုံး တိမ်းစောင်းပေမယ့် အန္တရာယ်မရှိဟု စည်ပင် ရှင်းလင်း
ရန်ကုန်ငလျင်လှုပ်ပြီးနောက် အဆောက်အအုံ ၈ လုံး တိမ်းစောင်းပေမယ့် အန္တရာယ်မရှိဟု စည်ပင် ရှင်းလင်း
သူဇာလင်း
·
November 18, 2019

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ရန်ကုန်မြို့မှာရှိတဲ့ အဆောက်အအုံ ၂၀ ကို သက်ဆိုင်ရာ ပညာရှင်တွေက စစ်ဆေးရာမှာ အဆောက်အအုံ ၈ လုံးက တိမ်းစောင်းနေတာ တွေ့ရှိရတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။
ဒါကြောင့် စည်ပင်အနေနဲ့ တိမ်းစောင်းနေတဲ့အဆောက်အအုံတွေကို ပြန်တည့်မတ်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက နိုဝင်ဘာ ၁၈ ရက် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီအဆောက်အအုံတွေ ဘာကြောင့် တိမ်းစောင်းတယ်ဆိုတာ မပြောနိုင်သလို ငလျင်ကြောင့် တိမ်းစောင်းသွားတာလို့လည်း အတိအကျမပြောနိုင်တဲ့အကြောင်းနဲ့ ဒီအဆောက်အအုံတွေက ဖြိုဖျက်ချဖို့ မလိုအပ်တဲ့အတွက် အန္တရာယ်မရှိနိုင်လို့ ဒီအဆောက်အအုံတွေမှာနေထိုင်တဲ့ ပြည်သူတွေအတွက်လည်း အန္တရာယ်ရှိနိုင်ဘူးလို့လည်း ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့မှာ အဆောက်အအုံတွေ ဆောက်လုပ်ခွင့်လျှောက်တဲ့အချိန်ကတည်းက ငလျင်ဒဏ်ခံနိုင်ရည်ရှိပြီး သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီအောင် ဘယ်လို ဆောက်လုပ်ရ မယ်ဆိုတာ စည်ပင်အနေနဲ့ စည်းကမ်းချက် ထုတ်ပြန်ပြီးသားဖြစ်တယ်လို့ အင်ဂျင်နီယာဌာန လမ်းတံတားက ဒုတိယဌာနမှူး ဦးဇော်ဝင်းက ပြောပါတယ်။
ဆောက်လုပ်ခွင့်ရရှိပြီးသားအဆောက်အအုံတွေ ဆောက်လုပ်နေတဲ့အချိန်မှာ မြေငလျင်နဲ့ သက်ဆိုင်တဲ့ ပညာရှင်တွေက သွားရောက်စစ်ဆေးတာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၂ ရက် ည ၉ နာရီ ၅၅ မိနစ်အချိန်မှာ ရန်ကုန်မြို့မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၁ ရှိ ငလျင်ကြောင့် ကျောက်မြောင်း၊ တာမွေနဲ့ အလုံမြို့နယ်ရှိ ကန်ထရိုက်တိုက်တချို့ တိမ်းစောင်းခဲ့တာပါ။