DVB Logo
Home
မြန်မာသတင်း
အရပ်သား ပစ်မှတ်ထားတိုက်ခိုက်မှု အမြန်ရပ်တန့်ပေးရန် အဖွဲ့အစည်း ၉၀ ကျော် တောင်းဆို
DVB
·
November 17, 2019
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ အရပ်သားပြည်သူ လုံခြုံရေးအတွက် စိုးရိမ်စရာအခြေအနေ ဖြစ်လာတာကြောင့် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အမြန်ဆုံးရပ်တန့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၉၀ ကျော်က ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။ 

လက်ရှိအချိန်မှာ ကျောက်မဲ၊ နမ့်ဆန်၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်မြို့နဲ့ ပြည်ထောင်စုလမ်းတလျှောက်မှာ မြန်မာ့တပ်မတော်နဲ့ညီနောင် မဟာမိတ် ၃ ဖွဲ့တို့ စစ်ရေး တင်းမာနေပြီး လက်နက်ကြီးတွေဟာ မြို့ပေါ်ထိ ကျလာနေပါတယ်။ 

ဒီအခြေအနေတွေဟာ အရပ်သားပြည်သူလူထု လုံခြုံရေးအတွက် စိုးရိမ်စရာအခြေအနေ ဖြစ်ပေါ်နေတာကြောင့် နှစ်ဖက်တပ်တွေအနေနဲ့ စစ်ပွဲတွေ အမြန်ဆုံး ရပ်တန့်ဖို့နဲ့ အရပ်သား ပစ်မှတ်တွေကို ရှောင်ပေးဖို့ အရပ်ဘက်အဖွဲ့စည်းတွေဟာ နိုဝင်ဘာ ၁၇ ရက်နေ့က ကြေညာချက် ထုတ်ခဲ့တာပါ။

နိုဝင်ဘာ ၁၆ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးလေယာဉ်ကွင်းအနီး ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး အမျိုးသမီးတယောက် ဒဏ်ရာရခဲ့ပါတယ်။ 

မြို့ပေါ်အထိ ဒီလို တိုက်ခိုက်တာကို တပ်မတော်နဲ့ ရဲဘက်ကတော့ တအာင်း လက်နက်ကိုင်  TNLA အဖွဲ့က လုပ်တာလို့ ပြောဆိုခဲ့ပြီး TNLA ဘက်ကတော့ သူတို့လက်ချက်မဟုတ်ဘူး လို့ ပြန်လည် ငင်းဆိုခဲ့ပါတယ်။ 

အခုလို လုပ်ရပ်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ်လည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

တိုက်ပွဲတွေကြားမှာ လူနေအိမ်တွေ၊ အရပ်သားခရီးသွားယာဉ်တွေ ပစ်ခတ်ခံရသလို စာသင်ကျောင်းတွေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြုံတွေ့နေရပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာလည်း အေအေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သား သေဆုံးဒဏ်ရာရတာတွေ မြင့်တက်နေပါတယ်။

၂၀၁၉ အောက်တိုဘာလကစပြီး လက်ရှိအချိန်ထိ အောက်တိုဘာ ဘာသာရေးခေါင်းဆောင်တွေနဲ့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ အယောက် ၃၀ ကျော်ရှိပြီး ၅ ယောက်သေဆုံးခဲ့ပါတယ်။

ဒါတွေဟာ ဂျီနီဗာကွန်ဗင်းရှင်းနဲ့ စစ်ပွဲထဲမှာ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို ကျူးလွန်ဖောက်ဖျက်တာဖြစ်ပြီး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ အမြန်ဆုံးရပ်ပေးဖို့ အဖွဲ့အစည်းတွေ စုပေါင်းတောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013